လူမျိုးတုံး သုတ်သင်သတ်ဖြတ်မှု စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆို
2015.10.29
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရ အာဏာပိုင်အဖွဲ့တွေက လူမျိုးတုံးသုတ်သင်သတ်ဖြတ် မှုတွေရှိခဲ့တာကို ခိုင်မာတဲ့အထောက်အထားတွေတွေ့ရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရမှာ တာဝန်ရှိပြီး၊ ကုလသမဂ္ဂအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ Fortify Rights အဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ အစီရင်ခံစာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ယေးလ်တက္ကသိုလ်ဥပဒေဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က ၃ နှစ်ကြာ လေ့လာပြီး Fortify Rights အဖွဲ့အတွက် ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာနဲ့ ပတ်သက်လို့ အခုလို တောင်းဆိုလိုက်တာလို့ ဆိုပါတယ်။
ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ Mr. Matthew Smith က RFA ကို အခုလို ပြောပါတယ်။
“လူတွေအမြောက်အများ သတ်ဖြတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ယေးလ်တက္ကသိုလ်အဖွဲ့ရဲ့ အစီရင်ခံစာမှာ အစိတ်အပိုင်းတစ်ရပ်ဖြစ် ဖော်ပြထားပါတယ်။ အဲဒီလိုကျူးလွန်သူတွေဟာ မြန်မာအစိုးရ လက်အောက်ခံ အဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု (နစက) ဌာနချုပ် တို့၊ မြန်မာစစ်တပ်တို့ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီး ဖော်ထုတ်ဆောင်ရွက်ဖို့ တိုက်တွန်းတာပါ”
ဒါ့အပြင် နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်စေချင်ရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး၊ ဒီအတွက် စုံစမ်းရေးကော်မရှင်နဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
Matthew Smith ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိုဘားမားကို ပေးထားတဲ့ ကတိတွေထဲက အချက် ၁၁ ချက်ကို ချိူးဖောက်တယ်ဆိုပြီး လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှု အဆုံးသတ်ရေး End Genocide အဖွဲ့က ထောက်ပြလိုက်တာနဲ့ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။