ICJ အမှု လုံခြုံရေးကောင်စီက အရေးယူဖို့ ရိုဟင်ဂျာတွေ ကြိုးပမ်း

ခင်မောင်စိုး
2020.05.28

နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို မေလ ၂၂ ရက်နေ့က မြန်မာအစိုးရ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို တရားဝင်မသိရပေမယ့် နိုင်ငံတော်သမ္မတ ရုံးက ဧပြီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုမှာ ဖော်ပြထားတဲ့အချက်တွေလည်း ပါဝင်မယ်လို့ ယူဆရပါတယ်။ ပထမ ကြေညာချက်က လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် Genocide Convention ကို လိုက်နာဆောင်ရွက်ရန်ညွန်ကြားချက်ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်မှာ   လူမျိုးပြုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန် ကြံစည်မှုတွေကို သိရှိရင် မည်သူမဆို နိုင်ငံတော် သမ္မတရုံးကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယကြေညာချက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ သက်သေအထောက်အထားနဲ့ ပစ္စည်းများကို ထိန်းသိမ်းထားရန် ညွန်ကြားထားပါတယ်။ အစိုးရဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်က ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော်သမ္မတကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ဖယ်ရှားဖျက်ဆီးခြင်းမပြုလုပ်ဖို့ ညွန်ကြားထားတာပါ။

နော်ဝေနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက….

“လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းစစ်ဆေးတဲ့အချက်တွေ တော်တော်များများပါဝင်မယ်။ နောက်ပြီး စစ်ခုံရုံးကနေ အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စတွေ ဖော်ပြမယ်လို့ထင်တယ်။ နောက်ပြီး မြန်မာနိုင်ငံအနှံ့အပြားက ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို တရားရုံးမတင်ဘဲ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စတွေလည်း အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေအဖြစ်ပါဝင်မယ်လို့ ထင်တယ်။ နောက်ဆုံးအနေနဲ့ ဒုက္ခသည်စခန်းတွေဖျက်သိမ်းပြီး စခန်းထဲကလူတွေ နေရပ်ပြန်တဲ့သူ ပြန်နိုင်အောင် ဒါမှမဟုတ် စခန်းသစ်တခု နေရာသစ်မှာ သူတို့ရွာတည်ပြီးတော့စခန်းချနိုင်အောင် ဆောင်ရွက်တဲ့ကိစ္စတွေပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ် ”

လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာအသင်းဥက္ကဌ ဦးထွန်းခင်က မြန်မာအစိုးရအနေနဲ့ သူတို့တင်ပြခဲ့တဲ့အစီရင်ခံစာကို လူသိရှင်ကြားထုတ်ပြန်ခြင်းမပြုတာဟာ ICJ က ချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေကို အကောင်အထည်မဖော်နိုင်လို့ဘဲလို့ ပြောပါတယ်။ မြန်မာအစိုးရရဲ့ အဲဒီ အားနည်းချက်တွေကို နိုင်ငံတကာအကူအညီနဲ့ဖော်ထုတ်ပြီး လုံခြုံရေးကောင်စီကတဆင့် အရေးယူနိုင်အောင် လုပ်ဆောင်နေတယ်လို့လဲ သူကပြောဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ဂမ်ဘီယာနိုင်ငံအနေနဲ့ မူလအစီအစဉ်အရ လာမဲ့ဇူလိုင်လမှာ တင်ပြဖို့ရှိတဲ့ အစီရင်ခံစာကို အောက်တိုဘာလအထိ ၃ လ နောက်ဆုတ်ပေးဖို့ တင်ပြခဲ့တာဟာ သက်သေတွေကို ICJ မှာ လူကိုယ်တိုင်လာရောက်ထွက်ဆိုဖို့ စီစဉ်နေဟန်တူတယ်လို့ ပြောပါတယ်။

ရှေ့နေဦးမင်းလွင်ဦးကတော့ မြန်မာအစိုးရတင်သွင်းတဲ့အစီရင်ခံစာတွေ ခိုင်မာမှုရှိပြီး ဂမ်ဘီယာနိုင်ငံဘက်ကလည်း အလုံအလောက်ခုခံချေပနိုင်ခြင်း မရှိဘူးဆိုရင် မြန်မာအစိုးရကို တရားစွဲဆို အပြစ်ပေးနိုင်တဲ့အလားအလာ မရှိပါဘူးလို့ သုံးသပ်ပြောကြားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။