လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၁၄ ယောက် ထပ်တွေ့


2020.02.21

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် ၁၄ ယောက်ကို ဒီနေ့ထပ်ပြီး ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

“ဖမ်းမိတာတော့အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦးပါဗျ။ ကျွန်တော်တို့က လဝက (လူဝင်မှုကြီးကြပ် ရေးဌာန) ကိုပဲ လွှဲပေးရမှာပေါ့နော်။ လောလောဆယ်တော့ လူပွဲစားလို့ ယူဆရတဲ့သူတွေကိုအမှုဖွင့်ထားတယ်။ စုံစမ်းစစ်ဆေးနေပါတယ်ဗျ။ အဲဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့သူနှစ်ယောက်တော့မိထားတယ်”
လို့ လှည်းကူး မြို့နယ်မှူး ရဲမှူးသန်းဝင်းက RFA ကို အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဲဒီလှည်းကူးမြို့နယ် စာဘူးတောင်းရွာနားက တောထဲမှာ ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေကနေ မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားကြတဲ့သူတွေ ဖမ်းမိထားပြီး အဲဒီနေ့က ဖမ်းမိတဲ့သူ စုစုပေါင်း ၅၄ ယောက်ဖြစ်တယ်လို့ ရဲမှူးကပြောပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၆၃ နဲ့ အမှုဖွင့်ထားပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကို ရုံးချိန်းပေးထား တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဖေဖော်ဝါရီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့က မကွေးတိုင်း မင်းလှမြို့နယ်ထဲမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၉ ယောက်မှာ ကလေး လေးယောက်ကို မန္တလေး လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ပို့လိုက်ပြီး၊ အရွယ်ရောက်ပြီးသား ၁၅ ယောက်ကို ဒီနေ့ မင်းလှတရားရုံးမှာ ရုံးတင်ခဲ့တယ်လို့ သူတို့အမှုကို လိုက်ပေးနေတဲ့ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက RFA ကိုပြောပါတယ်။

“ မင်းလှမှာ အခုလက်ရှိရှိတာက ၁၅ ယောက်၊ ကလေး လေးယောက်ကတော့ အဲဒီနေ့ကဝန်ခံတဲ့ အတွက်တဲ့ ကလေးတွေကို ကလေးတွေကို ကျောင်းပို့လိုက်ပြီ။ မြောက်ဦးရယ်၊ ကျောက်တော်ရယ်၊ ဘူးသီးတောင်ရယ်က။ သူတို့က တချို့ကကျတော့ မလေးရှားပေါ့၊ တချို့ကတော့ ရန်ကုန်ပေါ့။ တချို့ကတော့ သူတို့ဟာသူတို့ တရုတ်ပြည်ပေါ့”


အခုမင်းလှမှာ ဖမ်းထားတဲ့သူတွေအတွက် နောက်တကြိမ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကို ပေးထား တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလဲ ပုသိမ်မြို့နယ် ပေါက်လှကျိုင်ရွာက ကမ်းခြေနားမှာ လှေစီးဒုက္ခသည် ၄၈ ယောက်ကို တပ်မတော်ရေက ဖမ်းမိပြီး အထောက်အထားမဲ့ခရီးသွားလာမှုနဲ့ အမှုဖွင့်ထားပါတယ်။

အခုဖမ်းမိတဲ့သူတွေကို ဖွင့်ထားတဲ့ လဝကဥပဒေပုဒ်မ ၆၃ အရ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် အနိမ့်ဆုံး ထောင်ဒဏ် ခြောက်လကနေ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေထဲ နေရတဲ့မွတ်စလင်တွေဟာ သူတို့ဘဝတွေအတွက် စီးပွားရေး၊ ပညာရေး အခွင့်အလမ်းတွေမရှိလို့ စခန်းထဲကနေ လွတ်ရာကိုထွက်ပြေးဖို့ကြိုးစားနေတာ ရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ပြည်တွင်း ပြည်ပအဖွဲ့တွေက ထောက်ပြကြပါတယ်။ အခုလပိုင်းမှာဆိုရင် ပင်လယ်ပြင်ရေလမ်းရော ကုန်းလမ်းတွေကပါ နည်းမျိုးစုံနဲ့ထွက်ပြေးလို့ ဖမ်းမိတာတွေ ရှိနေပါတယ်။ အဲဒီလိုထွက်ပြေးချင်နေကြတဲ့ သူတွေဟာ လူမှောင်ခိုတွေရဲ့ပစ်မှတ် ဖြစ်နေတယ်လို့လဲ ထောက်ပြထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။