ရိုဟင်ဂျာတွေကို ယာယီကူညီမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
2023.12.11

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီထောက်ပံ့ကူညီသွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ပြောကြားကြောင်း AP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
အင်ဒိုနီးရှားအနေနဲ့ လက်ရှိအချိန်အထိတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ယာယီနေထိုင်ဖို့ နေစရာပေးထားပေမဲ့လည်း ဒေသခံတွေက လက်မခံတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ရိုဟင်ဂျာတွေကို ကူညီပေးရေး ပြောဆိုနေကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အင်ဒိုနီးရှားအစိုးရရဲ့ အကူအညီနဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ဖို့ လိုအပ်နေပြီး သူတို့ကို ဘယ်မှာထားမလဲဆိုတာက အစိုးရရဲ့ အဆုံးအဖြတ်သာဖြစ်တယ်လို့ UNHCR ရဲ့ အင်ဒိုနီးရှားဆိုင်ရာအရာရှိတစ်ဦးက ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေ များလာတာဟာ လူကုန်ကူးမှုတွေ မြင့်တက်လာတာကြောင့်လို့ အင်ဒိုနီးရှားအစိုးရက သံသယရှိနေတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာလကစပြီး လက်ရှိအချိန်အထိ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၁၅ဝဝ ကျော် စက်လှေတွေနဲ့ ကမ်းကပ် ရောက်ရှိခဲ့ပြီး အများစုဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့ ပင်လယ်ပြင်ကို စွန့်စားထွက်ခွာလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားဒေသခံတွေက လက်ခံလိုခြင်းမရှိတဲ့ကိစ္စအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။