ကလေးနဲ့အမျိုးသမီးအများစုပါတဲ့ ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားထပ်ရောက်

RFA Burmese
2023.12.10
ကလေးနဲ့အမျိုးသမီးအများစုပါတဲ့ ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားထပ်ရောက် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
AFP

ကလေးနဲ့အမျိုးသမီးအများစုပါဝင်တဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ဟာ ပင်လယ်ထဲမှာ တစ်လကျော် မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ကမ်းခြေတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ရောက်လာတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ပါတဲ့ လှေတစ်စီးဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်မှာ အာချေးပြည်နယ်က ကမ်းခြေကို ရောက်သွားခဲ့တာပါ။

အလားတူ နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၃၅ ဦး တင်ဆောင်လာတဲ့ အခြားလှေတစ်စင်းဟာလည်း အာချေးပြည်နယ်က နောက်ထပ်ကမ်းခြေတစ်ခုကို ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီရိုဟင်ဂျာတွေပါတဲ့ လှေတွေဟာ ပင်လယ်ထဲမှာ တစ်လကျော်ကြာ မျောနေခဲ့ရာကနေ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေကို ရောက်ရှိလာတာလို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရိုဟင်ဂျာ ဒုက္ခသည်တစ်ထောင်ကျော် ရောက်ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲ ပြန်တွန်းပို့တာမျိုး မလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။