ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှားမှာ ဆိုက်ကပ်
2023.01.08

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မနှစ်က နိုဝင်ဘာကစလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေကို တင်ဆောင်ပြီး ဆိုက်ကပ်လာတဲ့ ငါးစင်းမြောက်လှေ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

အမျိုးသား ၆၉ ယောက်၊ အမျိုးသမီး ၇၅ ယောက်နဲ့ ကလေးအယောက် ၄ဝ လိုက်ပါလာတဲ့ လှေဟာ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ကို ရောက်လာတာလို့ ဒေသဆိုင်ရာ ရဲမှူးက မနေ့က ပြောပါတယ်။

ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မနှစ်က ဒီဇင်ဘာ ၁၀ ရက်က ထွက်ခွာလာတာလို့ လှေပေါ်မှာ ပါလာတဲ့ ရိုဟင်ဂျာတစ်ယောက်က ပြောပါတယ်။ အားလုံး ကျန်းမာပုံရပေမယ့် ကိုယ်ဝန်ဆောင် တစ်ယောက်ပါပြီး လူလေးယောက်က ဖျားနေတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်တွေကို ဒေသအစိုးရပိုင် အဆောက်အအုံကို ပို့မယ်လို့လည်း ပြောပါတယ်။