ဟွန်ဆင်၊ အီဘရာဟင်နဲ့ ကာဒီနယ် ချားလ်မောင်ဘို တို့ မြန်မာအရေး ပြောကြား
2018.09.12

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အလေးအနက်ထားဖို့လိုကြောင်းနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြသူတွေဟာ မြန်မာပြည်အကြောင်းနဲ့ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ တကယ်သေသေချာချာ သိကြလို့လားလို့ မနေ့က မေးခွန်းထုတ် လိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆင်က အခုလိုပြော ခဲ့တာပါ။ တဆက်တည်းမှာပဲ သူက မိမိတို့ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပြဿနာတွေကို ကိုယ့်ဖာ သာဖြေရှင်းခွင့် ရရှိသင့်တယ်လို့လည်း ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှား ဝန်ကြီးချုပ်ဟောင်း အန်ဝါ အီဘရာဟင်က မြန်မာပြည်မှာ ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို မနေ့က ပြစ်တင်ဝေဖန် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန် ဘာသာပေါင်းစုံက ချစ်ခင်ထောက်ခံ ခဲ့ကြကြောင်းနဲ့ အခုလို လူနည်းစုတွေ ညဉ်းပမ်းနှိပ်စက်ခံနေရတာကို တစ်စုံတရာပြောဆိုခြင်းမရှိဘဲ သူမက ရေငုံနှုတ်ပိတ်နေတဲ့အတွက် သူ့အနေနဲ့ များစွာအံသြမိကြောင်း ပြောပါတယ်။ အန်ဝါ အီဘရာဟင်ဟာ မကြာ ခင်နှစ်ပိုင်းတွေအတွင်း မလေးရှား ဝန်ကြီးချုပ်တာဝန်တွေကို ပြန်လည်ထမ်းဆောင်မယ့်သူဖြစ်ပါတယ်။
မနေ့က တရက်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်နန်းတော်က လာတဲ့သတင်းမှာတော့ မြန်မာ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ် ချားလ် မောင်ဘိုက နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ရှည်သီးခံကြဖို့ တိုက်တွန်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
ကာဒီနယ် မောင်ဘိုက မြန်မာပြည်သူတွေဟာ အနာဂတ်မျှော်လင့်ချက်တွေအတွက် သူတို့ဘဝတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထဲမှာပေးအပ်ထားကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ အတူလက်တွဲ ဖြေရှင်းဖို့လိုကြောင်းနဲ့ မြန်မာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် နိုင်ငံတကာအနေနဲ့ ပြစ်တင်ဝေဖန်နေမှုတွေအစား ဆက်လက်ကူညီကြဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။