ရိုဟင်ဂျာအရေး ဗြိတိန်ဝန်ကြီး ဆွေးနွေးမည်
2018.09.19

မြန်မာနိုင်ငံကို မနေ့က ရောက်ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် ဟာ ပဋိပက္ခတွေဖြစ် ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှုပါလိမ့်မယ်။
ရခိုင်ပြည်နယ်က ပြန်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို တွေ့ဆုံမယ်လို့ သိရပါတယ်။ ဝန်ကြီး ဟန့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ရိုဟင်ဂျာမွတ်စလင်တွေအကြောင်း သူ ဆွေးနွေးမယ်လို့ ပြောပါတယ်။
ဗြိတိန်အစိုးရက ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီး တစ်သောင်းကျော်ကို စိတ်ဒဏ်ရာတွေ သက်သာရေးအတွက် လိုအပ်တဲ့အကြံပေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို သားဖွားဆရာမတွေစေလွှတ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ သောင်းကျော်ကို စောင့်ရှောက်ခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို ထပ်မံကူညီမှာဖြစ်ကြောင်းနဲ့ အဲဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဗြိတိန် ပညာရှင်တွေကို စေလွှတ်ဖို့ အစီအစဉ် ရှိကြောင်းလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟန့်က ပြောပါတယ်။
မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီ ဟန့် ဟာ မနေ့ညနေက ဒဂုံမြို့သစ်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရုံးခန်းကို သွားရောက်ပြီး အမှတ်တရ ပြခန်းကိုကြည့်ရှုခဲ့ကာ AAPP ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတိတ်နိုင်၊ ဦးဘိုကြည်တု့ိအပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ စာရေးဆရာမ မသီတာ စမ်းချောင်းတို့ကို တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။