ရိုဟင်ဂျာဒုက္ခသည်စခန်း မြေပြိုတာကြောင့် နှစ်ဦးသေဆုံး
2024.07.03

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံတာတွေ မြေပြိုတာတွေကြောင့် လူနှစ်ဦးသေဆုံးခဲ့သလို နေအိမ်ငါးထောင်ကျော်က လူနှစ်သောင်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် လူတွေ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းရတာလို့ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။
"ဇူလိုင်လ ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတယ်။ ကော့ဘဇားရှိ ရိုဟင်ဂျာစခန်းတွေမှာ မြေပြိုတာတွေ၊ ရေကြီးတာတွေဖြစ်နေတာ၊ အိမ်ငါးထောင်က လူ နှစ်သောင်းခွဲလောက် စာသင်ကျောင်းတွေ ရွှေ့ပြောင်းရတယ်"
ဇူလိုင်လ ၃ ရက်နေ့ကလည်း ဒုက္ခသည်စခန်း ၁၁ က အသက်နှစ်ဆယ်အရွယ် အမျိုးသားတစ်ဦးနဲ့ စခန်း ၈ က အသက် ၁၃ နှစ် အရွယ်ကလေးတစ်ဦးလည်း မြေပြိုတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR နဲ့ အခြားအရပ်ဖက်အဖွဲ့အစည်းတွေကလည်း စာသင်ကျောင်းတွေကို ရွှေ့ပြောင်းပေးနေသလို စားသောက်စရာတွေ ကူညီတာတွေရှိတယ်လို့လည်း ပြောပါတယ်။
လက်ရှိ ဒုက္ခသည်တွေ တဲဆောက်လုပ်ဖို့ အမိုးအကာနဲ့ ဝါးတွေ၊ သစ်တွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် လူအနည်းဆုံး ကိုးဦး သေဆုံးခဲ့တဲ့အထဲမှာ ရှစ်ဦးက ရိုဟင်ဂျာတွေလို့ AFP သတင်းက ဖော်ပြပါတယ်။