ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စစ်ကောင်စီကို မလေးရှားနဲ့အင်ဒိုနီးရှား တိုက်တွန်း

ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထွက်ပြေးနေတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခေါင်းဆောင်တွေ မနေ့ကတိုက်တွန်းလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာဟာ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေ မြန်မာနိုင်ငံက ပိုပြီးထွက်လာစေနိုင်ပြီး မြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကို စိုးရိမ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ နှစ်သိန်းကျော်ပြောင်းရွှေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး မလေးရှားဝန်ကြီးချုပ် ပြောတာက မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ခွင့်ရနေမယ်ဆိုရင် မလေးရှားကို ထွက်လာတဲ့ ရိုဟင်ဂျာ အရေအတွက်က သေချာပေါက် လျော့ကျသွားမယ်လို့ ဆိုပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံလုံးဟာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေဖြစ်ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရိုဟင်ဂျာအရေးကို စိုးရိမ်တယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောဆိုနေကြတာပါ။