ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် အကူအညီထပ်ပေး

RFA Burmese
2023.03.08
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် အကူအညီထပ်ပေး ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ရှိ ကမ်းခြေတစ်ခုကို ရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။
AFP

၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပူးတွဲတုံ့ပြန်ရေး အစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်း နီးပါး ထပ်မံပေးအပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့က ကြေညာပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ၊ မြန်မာနိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ရသူတွေ၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ လူမှုအသိုက်အဝန်းတွေအတွက် လူသားချင်းစာနာမှုအကူအညီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတစ်ကြိမ်နဲ့ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့်ဘဇားခရိုင် (Cox’s Bazar) ကို ရိုဟင်ဂျာ ခုနစ်သိန်းလေးသောင်းလောက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက စလို့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေးကြောင့် ထိခိုက်ရသူတွေကို အမေရိကန်က အကူအညီပေးတာ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အခုထပ်မံပေးအပ်တဲ့ ရန်ပုံငွေမှာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အစီအစဉ်တွေအတွက် ဒေါ်လာ ၂၄ သန်းနီးပါး ပါဝင်ပြီး ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းရှစ်သောင်းနီးပါး အသက်ဆက်နိုင်ရေး အထောက်အကူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားသူ ငါးသိန်းလေးသောင်းနီးပါးကို ထောက်ပံ့မှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီအကူအညီ‌တွေဟာ ကလေးသူငယ်နဲ့ လူငယ်တွေရဲ့ ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်ရေး၊ စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ရေ ရရှိရေး၊ ရောဂါမပြန့်ပွားအောင် ကာကွယ်ရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေး ကာကွယ်ရေး၊ သဘာဝဘေးအတွက် ပြင်ဆင်ရေး စတာတွေအတွက် အကူအညီ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။