ရိုဟင်ဂျာလို့ ပြောနေသူတွေ ဌာနေတိုင်းရင်းသား မဟုတ်ကြောင်း ကာချုပ်ပြော


2017.10.12
minaunghlaing-us-ambassador-622.jpg အမေရိကန်သံအမတ် စကော့ မာစီရယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်မှာ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်နေကြတဲ့ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားတွေ မဟုတ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီရယ်နဲ့ ရန်ကုန်မြို့က ဇေယျာသီရိဗိမာန်မှာ မနေ့က တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလီတွေကို တိုင်းပြည်ထဲသွင်းခဲ့တာ မြန်မာတွေမဟုတ်ပါဘူး၊ ကိုလိုနီနယ်ချဲ့တွေပါ၊ သူတို့ဟာ ဌာနေတိုင်းရင်း သားတွေ မဟုတ်ကြပါဘူး၊ ဘင်္ဂလားဇာတိတွေပါလို့လည်း ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖော်ပြရာမှာတော့ အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အကြမ်းဖက် အင်အား ၁၇၈၅ ဦးကို နာမည်နဲ့ ရွာအမည်တွေကို စာရင်းရရှိထားကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်မှုမှာ အင်အား ၄၀၀၀ လောက် ပါဝင်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်လာတဲ့ အခြေအနေမှာ မလွဲမသွေခုခံကာကွယ်ရမှာသာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ကြောင်းဖော်ပြ ထားပါတယ်။

ရိုက်တာသတင်းမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အလွန်အကျွံ အင်အားသုံးတာ၊ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်တာ စတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မပြောဆိုခဲ့ဘူးလို့ ဖော်ပြပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းနဲ့ ရှုပ်ထွေးမှုအနေအထားတွေကို သိရှိနားလည်ပေမဲ့၊ လက်ရှိအခြေအနေအပေါ် စိုးရိမ်ပူပန် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူ ၅ သိန်းကျော် ထွက်ပြေးခဲ့မှုအပေါ် ဒေသအတွင်းသာမက နိုင်ငံတကာကပါ စိုးရိမ်မှုတွေရှိပြီး မြန်မာနိုင်ငံအပေါ် ဖိအားများစွာရှိကြောင်း စတာတွေကို ဆွေးနွေးခဲ့ရာမှာ၊ ကာကွယ်ရေးဦးစီးချုပ်က ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ချဲ့ကားထားတဲ့ ဦးရေဖြစ်နေပြီး၊ သတင်းမီဒီယာကပါ ချဲ့ထွင်ဖော်ပြနေကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ တပ်မတော်အနေနဲ့ စနစ်တကျ ပြင်ဆင်ပြီး ပြုပြင်ပြောင်းလဲခဲ့တာဖြစ်ကြောင်းနဲ့ ပြည်သူရွေးချယ်တဲ့လမ်းကြောင်းဖြစ်ပြီး ပြည်သူရဲ့ အဆုံးအဖြတ်အရပဲ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။