ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ မြန်မာဘက်ကို ပြန်လာတာမရှိ


2018.11.15
taungpyo-station-622.jpg ပြန်လည်ဝင်ရောက်မယ့်သူတွေကို တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှာ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်နေ့က စောင့်ဆိုင်းနေစဉ်
Photo: Iprd Taungbro

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရ တာဝန်ရှိ သူတွေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ ဒီနေ့မနက် ၇ နာရီက စတင်ပြီး မောင်တောမြို့နယ်အတွင်းက တောင်ပြို လက်ဝဲနဲ့ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေမှာ သွားရောက်စောင့်ဆိုင်းနေခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီခန့် အထိ ပြန်လာသူမရှိခဲ့ပါဘူး။

မြန်မာအစိုးရဘက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဒုဝန်ကြီးတို့ သွားရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို မြန်မာဘက်ကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က Refugee commissioner နဲ့ ဘူးသီးတောင်၊ မောင်တောခရိုင်အရာရှိတို့ ချိတ်ဆက်ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့တာနဲ့ မြန်မာဘက်က လက်ခံဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က RFA ကို ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို UNHCR နဲ့ UNDP တို့ကို ကွင်းဆင်းလေ့လာမှုတွေ နှစ်ကြိမ်တိုင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သလို ဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မူလသဘောတူထားတဲ့ အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ ၁၀ လခန့်ကို မြန်မာအစိုးရဘက်က စောင့်ဆိုင်းခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို နေရာပြန်လည်ချထားရေးနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် အနောက်အင်အားကြီးနိုင်ငံတွေနဲ့ အီးယူအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ ဒုက္ခသည်တွေအတွက် အမှန်တကယ်ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်ပါသလား။

မြန်မာအစိုးရ တာဝန်ရှိသူတွေအပါအဝင် နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထားအမြင်တွေကို မေးကြည့်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြား ဆောင်ရွက်နေမှုကို ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဆောင် ရွက်ပေးဖို့နဲ့ ဝေဖန်နေတာတွေဟာ အကျိုးမရှိနိုင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

“ ၁၀ လတိတိစောင့်ခဲ့ပြီးပြီ။ အဲကာလအတွင်းမှာလည်း ကျနော်တို့ အရှိန်အဟုန်မြှင့်ပြီး UEHRD က လုပ်ခဲ့ပြီးပြီ။ သူတို့က ဘာကိုအဆင်မပြေဘူး ပြောချင်တာလဲ။ ဒါပဲ ကျနော်မေးချင်ပါတယ်။ နှစ်နိုင်ငံကြားမှာ ဖြေရှင်းနေတဲ့ ကိစ္စပါ။ဒီနိုဝင်ဘာလလယ်မှာ ပြန်လည်လက်ခံဖို့ ကျနော်တို့ သဘောတူညီခဲ့ကြတာပါ။ UNDP နဲ့ UNHCR တို့နဲ့ ကျန်နဲ့နိုင်ငံတွေက ဒီ process မှာဝင်ကူဖို့ပဲ ကျနော်တို့ပြောချင်ပါတယ်။ အခုလိုပြောဆိုနေခြင်းဟာ ကျနော်တို့ အတွက် အကျိုးမရှိပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းသာ ရလဒ်ကောင်းထွက်မှာပါ။”

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးဆောင်ရွက်မှုတွေဟာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် အထောက်အကူမဖြစ်ဘူးလို့ ယူဆပါတယ်။

“ကူညီနေတယ်လို့တော့ ကျနော်တို့ မပြောချင်ဘူးပေါ့ဗျာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေကို နယ်ရုပ်အဖြစ်အသုံးချပြီး ဖိအားပေးနေတယ်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒုက္ခသည်တွေ အေးအေးချမ်းချမ်းနဲ့ နေရပ် ပြန်လည်နေထိုင်နိုင်ရေးအတွက် ပိုပြီးတော့ အနှောင့်အယှက်ဖြစ်စေတယ်လို့ ကျနော်တော့မြင်တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်ကလည်း ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ အေးအေးချမ်းချမ်းပြန်လာမှုကို သူတို့လုပ်မလား ဒါမှမဟုတ်ရင် သူတို့စွပ်စွဲထားတဲ့ ပြစ်မှုတွေ ဖြေရှင်းရေးကို ဦးစားပေးလုပ်မလား အဲဒါကိုတော့ တိတိကျကျ ဆုံးဖြတ်ရလိမ့်မယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို မူလနေရပ်တွေမှာ နေရာပြန်လည်ချထားပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ကြ မယ်လို့ဆိုလာတဲ့ ဒီနေ့လိုအချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် အာဆီယံလွှတ်တော်အမတ်တွေ၊ World Vision, Save the Children နဲ့ Oxfam တို့လို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာပဋိပက္ခလေ့ လာရေးအဖွဲ့ ICG လို အဖွဲ့အစည်းမျိုးတွေက ဒုက္ခသည်တွေ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားဖို့ ပြောကြား လာကြပါတယ်။

နိုင်ငံတကာက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားဖို့ အခုလို ပြောင်းလဲပြောကြား လာတာတွေဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအပေါ် ဖိအားပေးချင်တာပါသလို တဖက်မှာလည်း မြန်မာအစိုးရဘက်ရဲ့ ပွင့်လင်းမြင်သာမှုအားနည်းခြင်းက ဝေဖန်စရာတစ်ခုဖြစ်နေပါတယ်။

NLD ပါတီဝင်လည်းဖြစ်၊ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း( မိတ္ထီလာ) ပြောတာက

“ဟိုကဒုက္ခသည် ကိုယ်စားလှယ်တွေကို ဒီကိုခေါ်သင့်တယ်။ ခေါ်ပြီးတော့ပြသင့်တယ်။ ဒုက္ခသည်တွေနဲ့ ၃ ပွင့် ဆိုင် စကားပြောသင့်တယ်။ အခုဟာက နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မသေချာသေးဘဲ၊ အာမခံချက် မရှိသေးဘဲ တွန်းလုပ်တဲ့ပုံစံမျိုးဖြစ်သွားမှာ သူတို့စိုးရိမ်တယ်။ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာတောင် အာမခံချက်မရှိဘူးဆိုတော့ ကမ္ဘာက ဒါကို ဘယ်လိုထောက်ခံနိုင်မလဲ။”

ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ့် ဒီနေ့မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဒုဝန်ကြီးတို့ဟာ တောင်ပြိုလက်ဝဲကပြန်လည်လက်ခံရေးစခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေ ပြန်အလာကို စောင့်ဆိုင်းခဲ့ပါတယ်။

လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက သူတို့ဌာနအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းသာ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီနေ့လက်ခံမယ်လို့ ပြောထားတဲ့ အစီစဉ်အတိုင်း ပြင်ထားတယ်။ ဝင်ဖြစ် မဝင်ဖြစ်တော့ ကျနော်တို့ သေချာမသိသေးဘူးပေါ့။ ကျနော်တို့လာပါ့မယ်ဆိုတော့ လက်ခံပါ့မယ်ဆိုပြီး ပြင်ဆင်ထားတယ်။ UNDP UNHCR တို့နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ရှိနေတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲက တချို့ရဲ့ထောက်ပြချက်တွေထဲမှာဆိုရင် မြန်မာဘက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူတွေတောင် မူလနေရပ်တွေကို မပြန်နိုင်သေးတဲ့ ဒီနေ့လိုနေ့မျိုးမှာ သူတို့ နေရပ်ပြန်ရေးဆိုတာ မဖြစ်နိုင်ကြောင်း ပြောဆိုကြတာတွေရှိပါတယ်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဒုက္ခသည်စခန်းကို ရောက်ရှိနေတာ ၆ နှစ်ကြာရှိပြီဖြစ်တဲ့ ဦးရွှေမောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။

“အစိုးရပေါ် မူတည်တယ်လေ။ သူတို့ယုံကြည်မှုရှိရင် သူတို့လာမှာပါ။ ကျနော်တို့လည်း ဒုက္ခသည်၊ သူတို့လည်း ဒုက္ခသည်ဆိုတော့ ဒုက္ခသည်အချင်းချင်း ဘာမှပြောလို့မရဘူးလေ။ ကျနော်တို့ပြောမယ်ဆိုရင် ကျနော်တို့ ခံစားချက်ပဲပြောရမှာပါ။ တခြားနေရာဆို ကျနော်တို့ လွတ်လပ်စွာသွားခွင့်မရှိဘူး။ လုံခြုံရေးနဲ့ သွားရတယ်။ မြို့ပေါ်တက်ရင်လည်း လုံခြုံရေးနဲ့သွားရတယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူ ၇ သိန်းရှိတယ်လို့ နိုင်ငံတကာကပြောဆိုနေပြီး မြန်မာအစိုးရဘက်ကတော့ လူဦးရေ ၅ သိန်းခန့်ရှိနိုင်တယ်လို့ တွက်ဆထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။