ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် ငါးရာခန့် စစ်သင်တန်းပေးဖို့ ဖမ်းဆီးခံရ
2024.05.08

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ငါးရာခန့်ကို ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့က စစ်သင်တန်းပေးဖို့ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၈ ရက်ဒီနေ့အထိ ကိုးရက်အတွင်း လူပေါင်း ငါးရာထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံထားရပြီး အသက် ၁၄ နှစ်ကနေ အသက် ၃၀ ဝန်းကျင်အရွယ်တွေ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။
တစ်အိမ်တစ်ယောက်စီ မလိုက်မနေရဆိုပြီး ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် ဒုက္ခသည်စခန်းကလူငယ်တွေ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းကနေ အားလုံးထွက်ပြေးနေရတယ် အပြင်ကို။ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကိုဖမ်းပြီးတော့ ARSA နဲ့ RSO ကနေပြီးတော့ ဟိုအဖွဲ့တွေကို ရောင်းနေတာ။ သူတို့ကိုဖမ်းပြီးတော့ မြန်မာပြည်ဘက်ကို သွားရတယ်လို့ပြောတယ်။ စစ်တိုက်ဖို့ အဲဒီမှာ လူနည်းနေတဲ့အတွက်။ ဘယ်သူတွေနဲ့ တိုက်ရမှာလဲဆိုတာကို မသိဘူး”
ရိုဟင်ဂျာဒုက္ခသည်စခန်းက လူငယ်တွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း တစ်စုံတစ်ရာ အကာအကွယ်ပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကလည်း RSO နဲ့ ARSA အဖွဲ့က ဖမ်းဆီးနေတာဟုတ်မှန်ပြီး ညအချိန် ဝင်ဖမ်းတာနဲ့ အပြင်ထွက်သွားလာနေချိန် ဖမ်းဆီးတာပိုများတယ်လို့ RFA ကိုပြောပါတယ်။
“အဲဒီ အကြမ်းဖက်အဖွဲ့အစည်း အခုနှစ်ခုရှိတာ အဲဒါတွေလေ။ RSO၊ ARSA အကြမ်းဖက်သမားတွေပေါ့။ စခန်းအားလုံးကို စုစည်းပြီးတော့ ကြည့်မယ်ဆိုရင် ဘယ်လောက် ပါသွားတယ်ဆိုတာကို သိရမယ်။ အသက်အရွယ်က ၁၄ နှစ် ၁၂ နှစ်တောင် ပါတယ်”
ARSA နဲ့ RSO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်နေတာလို့ အဲဒီမှာရှိတဲ့ရိုဟင်ဂျာတွေရဲ့ ဒီပြောဆိုချက်အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီအပေါ် ARSA နဲ့ RSO လက်နက်ကိုင်အဖွဲ့တွေကလည်း တုံ့ပြန်ချက်တစ်ခုခု ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး လက်ရှိ လက်ရှိဒုက္ခသည်ဦးရေ ကိုးသိန်းဝန်းကျင်ရှိနေပြီလို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။