ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အဆင်မပြေနိုင်သေးဘူးလို့ ကုလပြော
2023.03.21

ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဆန်းစစ်ချက်တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့ တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒုက္ခသည်တိုင်းဟာ မိမိတို့နားလည်တဲ့ ရွေးချယ်မှုအပေါ်အခြေခံပြီး မူလနေထိုင်ခဲ့တဲ့ နေရာကို ပြန်နိုင်ခွင့်ရှိသလို ဒုက္ခသည်တွေရဲ့ ရွေးချယ်မှုတွေအပေါ် အတင်းအကျပ် ဖိအားပေးတာ မလုပ်သင့်ဘူးလို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေပြန်ခေါ်မယ့် ဆွေးနွေးမှုတွေမှာ UNHCR အနေနဲ့ ပါဝင်ပတ်သက်တာ မရှိဘူးလို့လည်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေကို စိစစ်တာတွေနဲ့ နေရပ်ပြန်ခြင်း ဖြစ်ပေါ်လာစေနိုင်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုတော့ ကူညီပေးတာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေထဲက လူဦးရေတစ်ထောင် ကျော်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေတာပါ။
လက်ရှိ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမျိုးအောင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦးဟာ မတ်လ ၁၅ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစိစစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကတော့ နေရပ်ကို ပြန်လာချင်ကြပေမယ့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ သူတို့ရဲ့ မူလနေရာမှာ ပြန်လည်နေရာချထားမှသာ ပြန်လာမယ်လို့ RFA ကို ပြောဆိုထားပါတယ်။
ရိုဟင်ဂျာ တောင်းဆိုထားတဲ့ အချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ ပြန်လာမယ့်သူတွေအတွက် ငါးခူရ၊ လဖိုးခေါင်စတဲ့ လက်ခံရေးစခန်းတွေမှာ ပြင်ဆင်ထားပြီး အဲဒီနေရာတွေမှာပဲ အသက်မွေးဝမ်းကျောင်းကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက်ပါ ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။
အဲဒီ နေရာတွေကိုလည်း မတ်လ ၈ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သံရုံးအကြီးအကဲတွေနဲ့ သံတမန်တွေကို လိုက်ပြခဲ့ပါတယ်။