ထွက်ပြေးသွားသူတွေ အလျင်အမြန် လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ
2018.08.10

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားကြသူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို အလျင်အမြန်စတင်ဖို့ သဘောတူညီလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ သြဂုတ် ၁ဝ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ထွက်ပြေးသွားသူတွေ မိမိ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ခံရေးကိစ္စ တွေ ဆွေးနွေးရာမှာ ချောမွေ့ရေးအတွက်၂ နိုင်ငံအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Hotline တစ်ခု ထူထောင် ထားပြီး ဖြစ်ကြောင်း၊ ၂ နိုင်ငံ သဘောတူထားတဲ့ စိစစ်ရေးပုံစံတွေကို ကော့ဇ်ဘဇားမှာ ရောက်ရှိနေတဲ့ နေရပ် စွန့်ခွာသွားသူတွေကို ဖြန့်ဝေပြီး အဲဒီသူတွေကိုယ်တိုင် ဖြည့်စွက်ဖို့ သဘောတူခဲ့ကြောင်း၊ ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားရှိ နိုင်ငံတကာနယ်နိမိတ်၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်နဲ့ မြန်မာပိုင်နက် ခြံစည်းရိုး အကြား နေထိုင်သူတွေကို ပြန်လည်လက်ခံရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးအတွက်လည်း သဘောတူခဲ့ကြကြောင်း စသဖြင့် ပါရှိပါတယ်။
တဆက်တည်းမှာပဲ အဲဒီ နေရပ်စွန့်ခွာသွားသူတွေကို ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်တွေပေါ်မှာ အသုံးပြုထားတဲ့ အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြန်လည်ပြင်ဆင်ပေးဖို့ သဘောတူခဲ့တယ်လု့ိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မနေ့က ဆွေးနွေးပွဲကို လူဝင်မှုဝန်ကြီး ဦးသိန်းဆွေနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့လည်း တက်ရောက်ခဲ့ပါတယ်။