ပြန်လာမယ့်သူတွေကို မူလနေရာမှာမထားဖို့ ကျေးရွာ ၂၈ ရွာ သဘောထားထုတ်ပြန်
2017.11.06
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို စိစစ်လက်ခံပြီးနောက် မူလနေရာတွေမှာ ပြန်လည်နေရာချထားခြင်းမပြုဖို့ မောင်တောမြို့နယ်တောင်ဘက်ပိုင်း ကျေးရွာပေါင်း ၂၈ ရွာက ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မူလနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ မောင်တောမြို့နယ် ဝေသာလီကျေးရွာက ကိုဝင်းမောင် က ပြောပါတယ်။
"မွတ်စလင်တွေကို မူလနေရာမှာချပေးရင် ကျနော်တို့ တိုင်းရင်းသားတွေက လက်မခံနိုင်ဘူးဖြစ်နေတယ်၊ မြောက်ဘက်မှာဆိုရင်လည်း ကျနော်တို့တိုင်းရင်းသားနှစ်ယောက် အခုတ်ခံရတယ်၊ ဟိုတနေ့ကလည်း တစ်ယောက် ဓါးအခုတ်ခံရတယ်၊ သူတို့ဝင်လာရင် ဒီထက်မက ပိုဆိုးမယ်ဆိုတာခန့်မှန်းထားတယ်၊ ဘင်္ဂါလီတွေက ကျနော်တို့ကိုပဲ ရန်ငြိုးထားနေတယ်၊ ကျနော်တို့တိုင်းရင်းသားတွေက သူတို့ကိုဘာမှ လုပ်တာမရှိဘူး"
မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး အင်းတောင်၊ ဥဒေါင်း၊ ပဲရုံ၊ မောရဝတီ၊ ဝေသာလီအစရှိတဲ့ မောင်တော မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာပေါင်း ၂၈ ရွာက ဒေသခံ ၁၀၀ ကျော်ဟာ သရေကုန်ဘောင်ကျေးရွာမှာ မနေ့က ဆွေးနွေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ သဘောထားကို ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အစိုးရအနေနဲ့ မွတ်စလင်တွေကို သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာတွေအားလုံးက တိုင်းရင်းသားတွေအားလုံး နေရပ်စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို လက်ခံမယ့်ကိစ္စကို အဆောတလျင်မပြုလုပ်ဖို့နဲ့ မွတ်စလင်တွေကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာမှာလည်း စခန်းတွေနဲ့ စုစည်းထားရှိဖို့နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ပေးဖို့ကိုလည်း သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မောင်တောမြို့နယ်အတွင်း ဝင်ရောက်ခွင့်မပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒေသခံတွေရဲ့ သဘောထားရပ်တည်ချက်တွေကို မကြာခင်မှာ မြို့နယ်အဆင့်ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး အစိုးရထံ တောင်းဆိုတင်ပြတာတွေ လုပ်ဆောင်သွားမယ်လို့ ဝေသာလီကျေးရွာက ကိုဝင်းမောင်ကပြောပါတယ်။