ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာနှစ်ရာကျော်ကို ကယ်တင်ဖို့ ဒေသတွင်းနိုင်ငံတွေကို APHR တိုက်တွန်း

RFA Burmese
2022.12.20
ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာနှစ်ရာကျော်ကို ကယ်တင်ဖို့ ဒေသတွင်းနိုင်ငံတွေကို APHR တိုက်တွန်း ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့အနီးရှိ Bireuen ပင်လယ်ပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စင်း။
AFP

အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၂ဝဝ ကျော်ကို တင်ဆောင်လာတဲ့ လှေတစ်စီး ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ မျောနေတာကို ကယ်တင်ဖို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ပင်လယ်ထဲ မျောနေတဲ့ လှေပေါ်က ဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ အာဆီယံနဲ့ဒေသတွင်း နိုင်ငံတွေကို အရေးပေါ် တိုက်တွန်းကြောင်း APHR အဖွဲ့က အင်ဒိုနီးရှား လွှတ်တော်အမတ်ဟောင်း အီဗာ ဆန်ဒါရီက ပြောပါတယ်။

APHR ရဲ့ ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် ချားစ် ဆန်တီရာဂိုကလည်း ပင်လယ်ထဲက ဒီဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေတာကြောင့် လှေပေါ်က ဒုက္ခသည်တွေ အသက်ဆုံးရှုံးမှုတွေနဲ့ မဖော်ပြနိုင်တဲ့ ဒုက္ခဆင်းရဲတွေကြုံရပြီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံဆီကို ဦးတည်ထွက်ခွာလာတာဖြစ်ပြီး ပင်လယ်ထဲမှာ မျောနေတာ အနည်းဆုံး နှစ်ပတ်လောက်ရှိပြီလို့ လှေပေါ်မှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေက သူတို့ရဲ့ဆွေမျိုးတွေကို ဆက်သွယ်ပြောကြားချက်အရ သိရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ ပါဝင်တဲ့လှေဟာ အခုအချိန် ဘယ်နေရာမှာ ရှိနေသလဲ အတိအကျမသိရသေးပါဘူး။ လှေပေါ်မှာ ပါလာတဲ့ ရိုဟင်ဂျာတွေရဲ့ပြောကြားချက်တွေအရ ကပ္ပလီပင်လယ်နဲ့ မလက္ကာရေလက်ကြားထဲက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ရေပိုင်နက်တွေနဲ့နီးကပ်တဲ့ ပင်လယ်ထဲမှာ ရောက်နေမယ်လို့ ခန့်မှန်းရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလှေဟာ နိုဝင်ဘာလကုန်လောက်ကတည်းက ပင်လယ်ထဲကို ထွက်လာတာဖြစ်နိုင်ပြီး လှေပေါ်လာသူတွေဟာ အစာရေစာ ပြတ်လတ်မှုကြောင့် သေလုမြောပါး ဖြစ်နေတဲ့အကြောင်း သတင်းရထားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။