အိန္ဒိယရောက် ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဇန်နဝါရီလအထိ ရွှေ့ဆိုင်း
2018.12.01
အိန္ဒိယနိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာနိုင်ငံကို ပြန်မပို့ရေးအတွက် အယူခံကြားနာဖို့ကို အိန္ဒိယ ဗဟိုတရားရုံးချုပ်က လာမယ့် ဇန်နဝါရီလအထိ ရွှေ့ဆိုင်းလိုက်ကြောင်း အိန္ဒိယအခြေစိုက် The Hindu သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင်တွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံအပြင် အိန္ဒိယနိုင်ငံကိုပါ ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဂျမူး၊ ဟိုက်ဒရာဘတ်၊ အတ္တရာပရာဒတ်၊ ဒေးလီစတဲ့ အိန္ဒိယပြည်နယ်တွေကို ရောရှိနေထိုင်နေကြတာဖြစ်ပြီး စုစုပေါင်းလူဦးရေ ၄ သောင်းလောက်ရှိတယ်လို့လည်း The Hindu သတင်းမှာပါဝင်ပါတယ်။
အဲ့ဒီလို နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို ပြန်လည်ပို့ဆောင်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Kiren Rijiju က သြဂုတ်လအတွင်း အိန္ဒိယလွှတ်တော်မှာ ပြောဆိုထားပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေသူတွေက သူတို့ကို ပြန်လည်ပို့ဆောင်မှာကို စိုးရိမ်မှုတွေရှိနေပြီး ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ အိန္ဒိယ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အိန္ဒိယ အစိုးရကို တောင်းဆိုထားပါတယ်။
အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ အဆင်မပြေမှုတွေဖြစ်နေပေမယ့် မြန်မာနိုင်ငံကို ပြန်လာဖို့ စိတ်မချရသေးတဲ့ အခြေအနေဖြစ်နေပြီး ပြန်မယ်ဆိုရင်လည်း နိုင်ငံသားဖြစ်မှု၊ မိမိနေထိုင်တဲ့အဒေသမှာ ပြန်နေ ထိုင်ခွင့်၊ လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေ ပြန်လည်ရရှိမှသာ ပြန်နိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိ အခြေ အနေမှာ ပြန်ဖို့ အဆင်မပြေသေးကြောင်း အိန္ဒိယအစိုးရကို မေတ္တာရပ်ခံထားတယ်လို့ အိန္ဒိနိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း တည်ထောင်သူ ကိုကျော်မင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာ ၇ ဦးကို မဏိပူရပြည်နယ် နယ်စပ် မိုးရေမြို့ကနေ မြန်မာအစိုးရကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့ပြီး သူတို့တွေရဲ့ မူလနေရပ်တွေကို မြန်မာအစိုးရက ပြန်လည်ပို့ဆောင် နေရာချထားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်အပြင် အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးနားစတဲ့ အာဆီယံနိုင်ငံတွေကိုလည်း ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။