ရိုဟင်ဂျာတွေ ပြန်လည်ချထားရေး အဆင်ပြေမယ်လို့ အာဆီယံ ခန့်မှန်း
2019.06.07

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင် ငါးသိန်းခန့်ကို လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်လည်နေရာချထားနိုင်မယ်လု့ိ ခန့်မှန်းထားတဲ့ အစီအရင်ခံစာ တစ်စောင်ကို ASEAN အာဆီယံအဖွဲ့ က မကြာခင် ထုတ်ပြန်ဖွယ်ရှိတယ်လို့ သောကြာနေ့ မနေ့က သတင်းရပါတယ်။
အဲဒီ အစီရင်ခံစာကို အာဆီယံ လက်အောက်ခံ Emergency Response and Assessment Team အရေးပေါ်တုံ့ပြန်ရေးနဲ့ လေ့လာတွက်ချက်ရေးအဖွဲ့က ပြုစုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လူ ငါးသိန်းဟာ မြန်မာအစိုးရက ပေးအပ်တဲ့ အရေအတွက်စာရင်းဖြစ်ပြီး ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားနေတဲ့ စာရင်းထက် များစွာလျှော့နည်းနေကြောင်းနဲ့ အဲဒီအစီရင်ခံစာမှာ ရိုဟင်ဂျာဆိုတဲ့ စကားအစား မွတ်စလင်လို့ သုံးနှုန်းထားကြောင်း AFP သတင်းမှာ ပါရှိပါတယ်။
တဆက်တည်းမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ် နှောင့်နှေးနေတာဟာ မြန်မာအစိုးရကြောင့်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစဉ်တစိုက် စွပ်စွဲနေပေမယ့် အာဆီယံက အခုထုတ်ပြန်မယ့် အစီရင်ခံစာမှာတော့ မြန်မာအစိုးရရဲ့ ပြောကြားချက်အတိုင်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ လိုအပ်ချက်ကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ လွတ်လပ်စွာ သွားလာခွင့်မရရှိတဲ့ ကိစ္စဟာ ယာယီအခက်အခဲမျှဖြစ်ကြောင်း အာဆီယံအဖွဲ့က သုံးသပ်ထားတယ်လို့ သိရပါတယ်။
AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရိုဟင်ဂျာတွေကို မြန်မာ့တပ်မတော်က ရက်စက်စွာချေမှုန်းပြီး တိုင်းပြည်က မောင်းထုတ်လိုက်ပုံတွေနဲ့ လက်ရှိရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေပုံတွေကို အဲဒီအစီရင်ခံစာမှာ ဖော်ပြထားခြင်း မရှိတဲ့အတွက် အံသြမိရတယ်လို့ ဝေဖန်ပါတယ်။ ကုလသမဂ္ဂ ကတော့ အစီရင်ခံစာကို တရားဝင် မရရှိသေးဘဲ ဝေဖန်ချက်ပေးရန် ငြင်းဆိုတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။