တရားမျှတမှုနဲ့ နေရပ်ပြန်ရေး တူရကီသံအမတ်ကို ရိုဟင်ဂျာတွေ တောင်းဆို
2024.12.14

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ အကြံပေးအရာရှိချုပ် Dr.Khalilur Rahman နဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်တို့ ဒီဇင်ဘာလ ၁၃ ရက်က ကုတုပါလောင်ဒုက္ခသည်စခန်းကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ရိုဟင်ဂျာတွေက တရားမျှတမှုနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးက “သူတို့က လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လာရောက်လေ့လာတာ။ ဒုက္ခသည်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့တာတော့မရှိဘူး။ ဝန်ဆောင်မှုပေးတဲ့နေရာမှာ မေးတာမြန်းတာတော့ရှိတယ်။ တွေ့ခွင့်ရတဲ့ ဒုက္ခသည်တွေကတော့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေး တင်ပြခဲ့တာရှိတယ်” လို့ RFA ကို ပြောပါတယ်။
သူတို့ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အခြေအနေတွေကို လေ့လာဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို လာရောက်ခဲ့တာလို့ ဒုက္ခသည်တွေက ပြောပါတယ်။
အကြံပေးအရာရှိချုပ်နဲ့ တူရကီသံအမတ်တို့ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိနေတာဖြစ်ပြီး ကောဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအရာရှိတွေ၊ NGO နဲ့ INGO အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တစ်သန်းနီးပါးအတွက် တစ်လမှာ လူတစ်ယောက်အတွက် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ထောက်ပံ့ပေးထားပါတယ်။
ဒုက္ခသည်တွေကတော့ ဒီပမာဏဟာ လောက်ငမှုမရှိလို့ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားတိုးပေးဖို့ တောင်းဆိုတာတွေရှိနေပါတယ်။