ဒေါ်လာဘီလျံ ၁၅ဝ နစ်နာကြေးပေးဖို့ Facebook ကို ရိုဟင်ဂျာတွေ တရားစွဲ
ရိုဟင်ဂျာတွေ အကြမ်းဖက်ရက်စက်ခံရတဲ့ အကြောင်းရင်းတွေထဲမှာ Facebook လူမှုကွန်ရက်ပေါ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကား ပြန့်ပွားမှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၅ဝ နစ်နာကြေးပေးဖို့ Facebook ကုမ္ပဏီကို ရိုဟင်ဂျာတွေက တရားစွဲဆို လိုက်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် The Hill သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ရောက် ရိုဟင်ဂျာတွေက အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့က တရားရုံးမှာ၊ ဥရောပရောက် ရိုဟင်ဂျာတွေက ဗြိတိန်နိုင်ငံက တရားရုံး တွေမှာ Facebook ကုမ္ပဏီကို ဒီဇင်ဘာ ၆ ရက်နေ့က တရားစွဲခဲ့ကြ တာပါ။
အမုန်းစကားပြန့်ပွားမှုတွေ၊ ခွဲခြားမှုတွေ၊ သတင်းအမှားတွေကို Facebook လူမှုကွန်ရက်မှာ ရေးသား ဖော်ပြတာတွေဟာ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေအတွက် ဒုက္ခတွေ ပိုပြီးကြီးမားစေခဲ့တယ်လို့ စွဲဆိုချက်မှာ ဖော်ပြထားပါတယ်။
Facebook ကုမ္ပဏီဘက်ကတော့ ရိုဟင်ဂျာတွေရဲ့ တရားစွဲမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားရတဲ့ ဖြစ်ရပ်မှာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှု ကျူးလွန်ခဲ့တာရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကလည်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး နေပါတယ်။