ရိုဟင်ဂျာပြဿနာကို သုံးပွင့်ဆိုင်ဖြေရှင်းဖို့ မွတ်စလင်ခေါင်းဆောင်ပြောကြား


2013.08.13

မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာလူမျိုးတွေ၊ ရခိုင်လူမျိုးတွေနဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းမှ အောင်မြင်မှာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ ရောက်ရှိနေတဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာ   ခေါင်းဆောင်များ   လေ့လာရေးအစီအစဉ်နဲ့   ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူ ရိုဟင်ဂျာခေါင်းဆောင် ဦးအဘူတာဟေရ်က အာဖက်အေ ရုံးချုပ်ကို ဒီကနေ့ လာရောက်လည်ပတ်စဉ် အခုလို ပြောတာ ဖြစ်ပါတယ်။
ဒါ့အပြင်သူက ရိုဟင်ဂျာမရှိဖူးဆိုပြီး ငြင်းပယ်နေလို့ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

"ရိုဟင်ဂျာတွေက မြန်မာ့သမိုင်းမှာကော ကမ္ဘာ့သမိုင်းမှာကော မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသားအဖြစ် ရှိခဲ့တာကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်ဖို့လိုတယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာကို နိုင်ငံသားမဟုတ်ဘူးဆိုတာကို လုံးဝ ငြင်းဆိုလို့မရပါဘူး"

အမေရိကန်ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍကို လေ့လာဖို့ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ  ပါဝင်သူ နောက်တစ်ဦးကတော့ စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ ဖြစ်ပါတယ်။
ဆရာတော်က မြန်မာပြည်မှာ လူမျိုးရေးဘာသာရေး ပြဿနာတွေ ဖြေရှင်းရေးအတွက် နိုင်ငံသားတွေရဲ့ အသိဉာဏ်ပညာ တိုးတက်ရေးဟာ အဓိကလိုအပ်ချက်ပဲလို့ မိန့်ကြားပါတယ်။
"အမေရိကန် အစိုးရကနေ ဦးဇင်းတို့နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီး၊ သူတို့နိုင်ငံမှာလည်းပဲ ဒီလိုဘာသာပေါင်းစုံ နေကြသော်လည်းပဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ဆိုတာ သိစေတဲ့သဘောပါ၊ ဒီလိုမျိုး ဖြစ်ရပ်တွေဟာ ဒါတွေဟာ အခြေခံအားဖြင့် ပညာရဲ့ အားနည်းမူလို့ ယူဆတယ်၊ ပညာရေးကို အားစိုက်လိုက်မယ်ဆိုရင် ဒီလိုအနေအထားတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားမယ်လို့ ဦးဇင်းယူဆတယ်"

အခုလာရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအတွက် ဆောင်ရွက်နေသူ ၈ ဦး ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။