တပ်မတော်က ရိုဟင်ဂျာရွာ ၄၀ ထပ်ပြီးမီးရှို့တယ်လို့ HRW စွပ်စွဲ


2017.12.18
maungtaw-fire-622 မောင်တောမြို့နယ် တောင်ပိုင်းက ဂေါ်ဒူသာရ ကျေးရွာမှာ ၂၀၁၇၊ စက်တင်ဘာလ ၇ ရက်နေ့က မီးလောင်နေပုံကို တွေ့ရစဉ်
photo: Thiha Tun/ RFA

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ခေါ်ရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေးနေတဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာပဲ နောက်ထပ် ရိုဟင်ဂျာကျေးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးတာခံလိုက်ရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ စွပ်စွဲပြောလိုက်ပါတယ်။

ဂြိုဟ်တုဓါတ်ပုံတွေအရ ဒီဖြစ်ရပ်တွေသိရတာလို့ ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လကနေစလို့ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့ ရွာပေါင်း ၃၅၄ ရွာဖြစ်သွားတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေပြန်ခေါ်ဖို့ နှစ်နိုင်ငံလက်မှတ်ထိုးကြတဲ့ ရက်ပိုင်းမှာပဲ ရိုဟင်ဂျာရွာတွေကို မြန်မာ့တပ်မတော်က အဲဒီလိုဖျက်ဆီးတဲ့အတွက်၊ ရွာသားတွေပြန်လာပြီး လုံလုံခြုံခြုံနေနိုင်ဖို့ဆိုတာ လူမြင်ကောင်းအောင် လုပ်ပြ တဲ့ပြယုဂ်သက်သက် ဖြစ်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့ရွာတွေကို စစ်တပ်ကဆက်ပြီး မီးရှို့နေတဲ့ကာလမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အင်အားစုက၊ ရွာသားတွေကို အကာအကွယ်ပေးမယ်ဆိုတဲ့ အချက်မပါတဲ့ ဒုက္ခသည်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုး တာဟာ သံသယဖြစ်စရာ အကောင်းဆုံးကစားပွဲနွှဲနေသလို ဖြစ်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့ ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်မှုက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေကို တပ်မတော်က ချေမှုန်းဖို့ဖြစ်လာခဲ့တယ်လို့ APF သတင်းမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်းသစ်တွေ ဆောက်လာမယ်ဆိုရင် သပိတ်မှောက်မယ်လို့ ကူညီရေးအဖွဲ့တွေကလည်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။