ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ၂၀၂၃ နှစ်အတွင်း အသတ်ခံရသူ ၁၆ ဦးရှိလာ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.04.02
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ၂၀၂၃ နှစ်အတွင်း အသတ်ခံရသူ ၁၆ ဦးရှိလာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင်ဒုက္ခသည်စခန်းကို အပေါ်စီးကနေ မြင်တွေ့ရစဉ်။
AFP

၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁၆ ဦးအထိ အသတ်ခံရပြီး ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်နေတာတွေကြောင့် တစ်နေ့ထက်တစ်နေ့ ပိုစိုးရိမ်နေ ရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

အခုနှစ်ဆန်းကနေ မတ် ၂၅ ရက်နေ့အထိ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းတွေမှာ ဒုက္ခသည် ၁၄ ဦး အသတ်ခံရကြောင်း RFA က မတ်လ ၂၈ ရက်နေ့က သတင်းရေးသားခဲ့ပါတယ်။

အဲ့ဒီနောက် ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ တစ်ဦးစီထပ်မံ အသတ်ခံခဲ့ရတယ်လို့ အမည်မဖော်လို့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး ကပြောပါတယ်။

“ဧပြီလ ၂ ရက်နေ့ မနက်အရုဏ်မှာလည်းတစ်ဦးကို သတ်လိုက်တယ်။ ဧပြီလ ၁ ရက်နေ့ကလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပစ်ခတ်ပြီးတော့ စခန်းအမှတ် ၈ က ကင်းစောင့်နေတဲ့ ဒုက္ခသည်တစ်ဦး သေနတ် ထိမှန် သေဆုံးသွားတယ်။”

ဒါ့အပြင် ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရခိုင်ရိုဟင်ဂျာတရားမျှတမှုနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းက ဦးစောလွင်(ခ) ဆော်လီမုလာကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က မတ် ၃၀ ရက်နေ့ညနေက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အခုအထိ အဆက်အသွယ်မရလို့ စိုးရိမ်နေတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

“ဝတ်ပြုပြီး အိမ်ကိုပြန်တဲ့အချိန် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးသွားတာ။ ကျွန်တော်တို့ သူ့သတင်းကို အခုထိ ဘာမှမရသေးဘူး။”

ဦးစောလွင်နဲ့ပတ်သက်ပြီး မိသားစုက ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ကိုတိုင်ကြားထားလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရှာဖွေနေပေမယ့် သတင်းတစုံတရာမရသေးဘူးလို့ပြောပါတယ်။

ကော့ဘဇားမှာ ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ဒီနှစ်အတွင်း စခန်းအမှတ် ၁၊ ၂၊ ၈ ၊၉ ၊ ၁၃၊ ၁၇၊ ၁၉ စတဲ့ စခန်းတွေက ဒုက္ခသည်တွေ အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA က ထွက်လာသူတွေ၊ ARSA ကို ဆန့်ကျင်သူတွေ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ စခန်းခေါင်းဆောင်တွေနဲ့ ရာအိမ်မှူးတွေ အများဆုံး အသတ်ခံရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အားလုံး အမျိုးသားတွေဖြစ်ပြီး ဇန်နဝါရီလက နှစ်ဦး၊ ဖေဖော်ဝါရီလမှာ နှစ်ဦးနဲ့ မတ်လမှာ ၁၀ ဦးနဲ့ ဧပြီလမှာ ၂ ရက်နေ့အထိ နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးရှိတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက်ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒုက္ခသည်တွေ အသက်အန္တရာယ် လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို ဖိအားပေးတောင်းဆိုဖို့ ရိုဟင်ဂျာတွေက လိုလားနေပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။