ရိုဟင်ဂျာအမျိုးသမီးတချို့ အဓမ္မပြုကျင့်ခံရတယ်လို့ သတင်းထွက်မှု အပေါ် အစိုးရတုန့်ပြန်
2017.09.24

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်အမျိုးသမီးတွေထဲက တချို့မှာ အဓမ္မပြုကျင့်ခံရတဲ့ အထောက်အထားတွေ တွေ့ရကြောင်း သူတို့ကို အဓမ္မပြုကျင့်သူတွေဟာ တပ်မတော်သားတချို့ဖြစ်ကြောင်း ပြော ဆိုတယ်လို့ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးကြသူ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂ ကျန်းမာရေးဝန်ထမ်းတွေရဲ့ပြောပြချက်ကို ကိုးကားပြီး ဒီကနေ့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
အဲဒီလိုသတင်းတက်လာတဲ့အပေါ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားပါတယ်။
"ကျနော်တို့တော့ record တွေ အဲလိုမျိုးတွေ ဖြစ်တယ်၊ လုပ်တယ်ဆိုတဲ့ဟာတွေတော့ မရှိသေးဘူး။ စွပ်စွဲပြောကြားချက်တွေကတော့ အများကြီးရှိ တာပေါ့။ ကျနော်တို့က ဒါကို မျက်စိစုံမှတ်ပြီး မဟုတ်ဘူးလို့ ငြင်းတာလည်း မဟုတ်ဘူး။ ငြင်းမှာလည်း မဟုတ်ဘူး။ ဒီကိစ္စတွေကို ကျနော်တို့ ခွင့်မလွှတ်ဘူး။ တကယ်လို့ ဖြစ်ခဲ့တာမှန်တယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားတွေ ရှိဖို့လိုတယ်"
ဘင်္ဂလားဒေ့ရ်ှဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ တာဝန်ယူနေတဲ့ ကုလသမဂ္ဂကျန်းမာရေးဝန်ထမ်း ၈ ဦးကို ရိုက်တာ သတင်းဌာနက မေးမြန်းရာမှာ သြဂုတ်လ ကုန်ခါနီးလောက်ကစပြီး အဓမ္မပြုကျင့်ခံရတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၂၅ ဦးကို ဆေးကုသပေးခဲ့ရကြောင်း ပြောဆိုတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂဝန်ထမ်းတွေက သူတို့တွေ့ရှိချက်တွေကို မှတ်တမ်းအထောက်အထားတွေနဲ့ သက်သေပြတယ်လို့ ဆိုပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၄ သိန်းကျော်သွားပြီ ဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။