ဝန်ကြီးမိသားစုပိုင်ဟိုတယ်မှာ အနိမ့်ဆုံးလုပ်ခလစာ မရတဲ့ကိစ္စ ညှိနှိုင်းပြေလည်
2017.11.17
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် မိသားစုပိုင်ဆိုင် တဲ့ တော်ဝင်ဟင်္သာဟိုတယ်က ဝန်ထမ်းတွေ အနိမ့်ဆုံးအခကြေးငွေနဲ့ညီတဲ့ လုပ်ခလစာမရတာနဲ့ အချိန်ပိုကြေး အပြည့်မရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဦးစီးဌာနက ဒီကနေ့ ညှိနှိုင်းပြင်ဆင်ပေးလိုက်ပါတယ်။
အရင်က ဟိုတယ်က ဝန်ထမ်းအချို့ကို လစာအဖြစ် တစ်လကို ကျပ်ငွေ ၈ သောင်းပဲ ပေးခဲ့တဲ့အပြင် ဧည့်သည်တွေဆီက ကျသင့်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ကောက်ခံထားတဲ့ ဝန်ဆောင်ခ service money ကိုလည်း ဝန်ထမ်းတွေကို ၅ ရာခိုင်နှုန်းသာပေးတာကြောင့် အလုပ်သမားဦးစီးဌာနကို တိုင်ကြားခဲ့တာလို့ ဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"အခြေခံလခကို သူတို့က အခုမှတိုးပေးတာ၊ ဒီလိုမျိုး ပြဿနာတွေဖြစ်သွားမှကို သူတို့ကတိုးပေးတာ၊ အစတုန်းကဆိုရင် အလုပ်သမားတွေကို သူတို့က နှိမ်လို့ရတိုင်နှိမ်ထားတာ ၈ သောင်းနဲ့၊ ထမင်းဖိုး ၂ သောင်းပေးတာ ဆားဗစ်မန်နေဂျာက၊ သူတို့က တစ်လကို ဝင်တဲ့အခန်းပေါင်းကလည်း နည်းတာမဟုတ်ဘူး၊ တကယ့်တကယ် ဆားဗစ်မန်းနီးထွက်လာလို့ရှိရင် ၂ သောင်း ၃ သောင်း ဒါမျိုး မဖြစ်စလောက်လေးတွေ ဟိုလကထက် ၈ ထောင်ပဲပိုတယ်၊ ဆားဗစ်မန်းနီးဆိုတာ ဧည်သည်တွေဆီက ကောက်လာတာ ၁ဝ ရာခိုင်နှုန်းအပြည့်ကောက်တယ်၊ ၁ဝ ရာခိုင်နှုန်း အပြည့်ကောက်တာ ကျမတို့ကို ၁ဝ ရာခိုင်နှုန်း အပြည့်မပေးနိုင်ဘူး၊ ခွက်တွေဘာတွေကွဲတာ ၃ ရာခိုင်နှုန်းထား ၇ ရာခိုင်နှုန်းပိုမယ်၊ အဲဒီ ၇ ရာခိုင်နှုန်းကို ကျမတို့ကို မပေးသင့်ဘူးလား ကျမတို့ ပင်ပန်းတဲ့အခ၊ အဲဒီမှာ ကျမတို့ကိုပေးထားတာ ၅ သောင်းဆိုတာ လုံးဝကိုကြားမကောင်းအောင် ဖြစ်သွားတာပါ"
ဒီလိုတိုင်ကြားခဲ့တာကြောင့် အလုပ်သမားဦးစီးဌာနက သွားရောက်စစ်ဆေးခဲ့ပြီး ညှိနှိုင်းခဲ့ပြီး အဆင်ပြေသွား တာ ဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က အလုပ်သမား ဦးစီးဌာနကို သွားရောက်တိုင်တန်းခဲ့တဲ့ ဟိုတယ်ဝန်ထမ်း ၂၀ကျော်အပြင် ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကိုပါ အခြေခံလစာဖြစ်တဲ့ တစ်ရက် ၃၆၀၀ နှုန်းပြည့်အောင် ဖြည့်ပေးတာနဲ့ အရင်က တစ်နာရီကို ၅၀၀ ကျပ်သာပေးခဲ့တဲ့ အချိန်ပိုလုပ်အားခကြေးကို ၉၀၀ အဖြစ် တွက်ချက်ပြီး လိုအပ်တဲ့ငွေကို လုပ်သက်အလိုက် ပြန်လည်တွက်ချက်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဟိုတယ်ဘက်ကိုမေးမြန်းရာမှာ ပိုင်ရှင်ခရီးထွက်သွားတာကြောင့် ဖြေကြားပေးမယ်သူမရှိဘူးလို့ ပြောပါတယ်။
ဒီတော်ဝင်ဟင်္သာဟိုတယ်မှာ ဝန်ထမ်းတစ်ရာကျော်ရှိကာ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တိုင်ရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်မိသားစု ပိုင်ဆိုင်တာလို့ သိရပါတယ်။