သတင်းထောက်တွေကို မြန်မာအစိုးရ အကျဉ်းချထားဆဲ ဖြစ်ကြောင်း RSF ဝေဖန်

မြန်မာပြည်တွင်းမှာ ပိတ်ပင်ထားတဲ့ RFA၊ DVB၊ BBC စတဲ့ အင်တာနက် စာမျက်နှာတွေကို အစိုးရက ဖွင့်ပေးလိုက်ပြီ ဆိုပေမယ့် သတင်းထောက် ၁၇ ဦးကို ဆက်လက် ဖမ်းဆီးထားသလို အင်တာနက် မြန်နှုန်းကလဲ နှေးကွေး လေးလံ နေဆဲပဲလို့ ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

2011.09.20
internet-coffee2-305 ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
Photo: RFA

သတင်းမီဒီယာ တည်းဖြတ်မှုတွေကို အနည်းငယ် လျှော့ပေး လိုက်ပေမယ့်၊ ဒီကိစ္စကို အာဏာပိုင်တွေ အနေနဲ့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ထုတ်ဖော် ပြောဆိုသင့်သလို၊ အင်တာနက်ကိုလည်း အခုထက် ပိုပြီး ဖွင့်ပေး သင့်တယ်လို့ RSF အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဒီဝက်ဆိုက်တွေကို ပြည်သူ တွေကြည့်ရင် ဖမ်းဆီး ခံရမယ် ဆိုတဲ့အန္တရာယ်မျိုး၊ မရှိစေရဘူး ဆိုတာကိုလည်း ပြည်သူတွေကို အသိပေး သင့်တယ်လို့ဆိုပါတယ်။

တဆက်တည်းမှာပဲ ထောင်ချခံထားရတဲ့ ကိုစည်သူဇေယျ၊ ကိုငွေစိုးလင်း၊ ဦးမောင်မောင်ဇေယျ၊ ကိုဝင်းမော်၊ မလှလှဝင်း အပါအဝင် ဖမ်းဆီးခံ သတင်းထောက်တွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ RSF အဖွဲ့က တောင်းဆို လိုက်ပါတယ်။

RSF အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ ဖြစ်ရပ်တွေကို လက်ခံ ကူညီပေးဖို့ မြန်မာအစိုးရက လူ့အခွင့်အရေး ကောင်စီ ဖွဲ့လိုက်တာကို ကြိုဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ သတင်းထောက်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဖြစ်ရပ်တွေကို ဒီလူ့အခွင့်အရေး ကောင်စီက ကူညီ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

RSF အဖွဲ့က အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှုး Benjamin Ismail ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။