နိုင်ငံတကာက စစ်ကောင်စီကို အမြန်ဆုံး အရေးယူပိတ်ဆို့ဖို့ RSF တိုက်တွန်း

စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးမှုတွေ ပိုလုပ်တာတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုနေပြီလို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က စက်တင်ဘာလ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ဦးဝင်းနိုင်ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ တပ်မတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တဲ့အပြင် မဇ္ဈိမမီဒီယာမှာ သတင်းထောက်ကနေ အယ်ဒီတာချုပ်အဖြစ် ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့ဖူးတဲ့ ဦးမျိုးသန့်ကို စက်တင်ဘာလ ၁၅ ရက်ညပိုင်းက ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ နေအိမ်မှာဖမ်းဆီးသွားတာနဲ့ စက်တင်ဘာလ ပထမပတ် မှာလည်း အလွတ်တန်းသတင်းထောက် ဒေါ်သူဇာကို ဖမ်းဆီးသွားတယ်လို့ RSF ကဖော်ပြထားပါတယ်။
RSF ရဲ့ စာရင်းအရ ပရော်ဖက်ရှင်နယ် သတင်းသမား ၅၃ ဦး၊ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ သတင်းသမား နှစ်ဦးနဲ့ မီဒီယာလုပ်သား တစ်ဦးတို့ဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတာကြောင့် မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးမားဆုံး သတင်းသမားတွေအတွက် အကျဉ်းထောင် ဖြစ်နေတယ်လို့ RSF က ဆိုပါတယ်။
RSF ရဲ့ အာရှပစိဖိတ်ဆိုင်ရာ အကြီးအကဲ Daniel Bastard ကလည်း ဦးဝင်းနိုင်ဦးနဲ့ ဦးမျိုးသန့်တို့ကို ဖမ်းဆီးခြင်းဟာ မြန်မာစစ်တပ်အနေနဲ့ သတင်းသမားတွေကို လိုက်လံနှိပ်စက်နေတဲ့အပြင် ဆွေမျိုး သားချင်းတွေကိုပါ ဖိနှိပ်နေတယ်ဆိုတာ ဖော်ပြနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့ကြောင့် အခုအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့အချိန်အခါဖြစ်နေပြီလို့ RSF က တိုက်တွန်းထားပါတယ်။
RFA ကသီးခြားကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ခုနှစ်လခွဲကျော်ကာလအတွင်း စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သတင်းသမား ၉၉ ဦးအထိရှိလာပြီဖြစ်ပြီး အဲဒီအထဲမှာ ၄၆ ဦးက ပြန်လည်လွတ်မြောက်လာပေမယ့် ၅၃ ဦးကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
RSF ရဲ့နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၁၄၀ မှာရှိနေပါတယ်။