အကြမ်းဖက်သမား ၃ ဦး ဖမ်းဆီးရမိ
2014.11.16
အစိုးရက အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာထားသူ ၃ ဦးကို ရှမ်းပြည်နယ် သိန္နီမြို့နယ်မှာ ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အကြမ်းဖက်သမားတွေအဖြစ် ဓာတ်ပုံတွေနဲ့ သတင်းစာထဲမှာ ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီလူတွေ ရှမ်းပြည်နယ်ထဲ ရောက်နေတဲ့ဆိုတဲ့ သတင်းတွေအရ အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည် နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။
"၁ဝ လပိုင်းလဆန်းပိုင်းပေါ့နော် ဒီမြန်မာနိုင်ငံထဲကို ဖောက်ခွဲရေးသမားတွေ ဝင်ရောက်လာတယ် ဆိုတာ လူထုကိုကျနော်တို့က ကြေညာခဲ့တယ်၊ နိုင်ငံပိုင်သတင်းစာကို တရားဝင်ကြေငြာပြီသားပါ၊ သူတို့ ၃ ယောက်ရဲ့ဓါတ်ပုံနဲ့ သတင်းစာထဲမှာ တရားဝင်ပါပါတယ်ခင်ဗျ၊ အဲ့ဒီကရတဲ့ဓါတ်ပုံတွေနဲ့ ကျနော်တို့ ဆောင်ရွက်တာပါခင်ဗျ၊ နောက်တစ်ခုက ကျနော်တို့နယ်ထဲမှာ အကြမ်းဖက် သမားတွေ ရောက်နေတယ်လို့ အသံသဲ့သဲ့ကြားတယ်"
အဲ့ဒီအမျိုးသား ၃ ဦးကို ရှမ်းပြည်နယ် လားရှိုးခရိုင် သိန္နီမြို့နယ်က အေးရှားဝေါ်လ် တိုးဂိတ်မှာ အခုနိုဝင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးမိစဉ်မှာ သူတို့နဲ့အတူ ခရီးသွားအိတ်ဆောင်ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ဆေးချက်အရ သူတို့ ၃ ဦးဟာ တစ်ဖက်နိုင်ငံကိုသွားရောက် အလုပ်လုပ်ကြမယ့်သူတွေဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ဆိုပါတယ်။
အလားတူ ဒီလ ၈ ရက်နေ့ကလည်း RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညီညွှတ်ရေး အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဝင် ၄ ဦး မော်လမြိုင်မြို့ကို ရောက်နေတယ်ဆိုပြီး မော်လမြိုင်မြို့အနှံ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။