ကျောက်မျက်ပြပွဲ စည်းမျဉ်းများ ကြိုတင်မကြေညာပဲ ပြောင်းလဲ
2011.03.24

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပ ပြီးစီးသွားတဲ့ ၄၈ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲအပြီး ကုန်သည်တွေ လေလံဆွဲထားတဲ့ ကျောက်တွေကို မတ်လ ၂၃ ရက်နေ့က စပြီး ငွေသွင်းပြီး ထုတ်ယူရာမှာ ကျောက်မျက် ကော်ပိုရေးရှင်းက ငွေသွင်း ပစ္စည်းထုတ်တဲ့ စနစ်ကို အရင်ပြပွဲတွေ လုပ်တဲ့ ပုံစံနဲ့ မတူပဲ ပြောင်းပစ်လိုက်တာကြောင့် ကုန်သည်တွေ မကျေမနပ် ဖြစ်ရတာပါ။
မြန်မာ ကျောက်ကုန်သည်တဦးက ခုလိုပြောပါတယ်။
“ငွေသွင်းတာကို လက်ခံပြီးတော့ အဲဒီငွေကို lot ထုတ်မပေးပဲနဲ့ ဝယ်ထားတဲ့ lot တွေရဲ့ ဆယ်ရာခိုင်နှုန်းကို ဖမ်းသိမ်းလိုက်တာလေ။ ဒီကျောက်ပွဲမှာ ဒီလိုဒီလို ကြိုတင် စည်းကမ်းချက် လုပ်မယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေ မလုပ်ပဲနဲ့ ဒီသွင်းတဲ့ငွေကို lot ထုတ်မပေးပဲနဲ့ ဆယ်ရာခိုင်နှုန်းငွေကို ဖမ်းသိမ်းလိုက်တာ။ အရင်တုန်းက အဲလို ဥပဒေ မရှိဘူး။ ဒီတလကို ဆယ်ရာခိုင်နှုန်း သွင်းစရာ မလိုပဲနဲ့ လွတ်လပ်စွာ ထုတ်ပိုင်ခွင့် ရှိတယ်။”
အရင်က ပြပွဲမှာ လေလံဆွဲထားတဲ့ ပစ္စည်းများ ထုတ်ယူဖို့ ပထမ တလမှာ မိမိ စိတ်ကြိုက်ပစ္စည်းကို ငွေအကြေချေ ထုတ်ခွင့်ရှိပြီး ဒုတိယလမှာတော့ ကျန်ဝယ်ယူထားတဲ့ ပစ္စည်းတန်ဖိုးအားလုံးရဲ့ ၁၀%ကို ကြိုတင်ပေး ငွေပေးချေပြီး တတိယလမှာ ပစ္စည်းအားလုံးရဲ့ တန်ဖိုးကို ငွေပေးချေရတာ ဖြစ်ပါတယ်။
မြန်မာကုန်သည်တွေ အနေနဲ့ ပထမလမှာ လေလံဆွဲထားတဲ့ ပစ္စည်းထဲက စိတ်ကြိုက်ပစ္စည်းကို ငွေ အကျေချေ ထုတ်ယူပြီး ပြန်ရောင်းပြီးတဲ့နောက် ရလာတဲ့ ငွေနဲ့ ကျန်ပစ္စည်းတွေကို ဆက်လက် ထုတ်ယူတာ ဖြစ်ပါတယ်။ အခုလို ကြိုတင်ငွေ ၁၀% ကို ဖြတ်လိုက်တာမို ငွေလည်ပတ်မှုတွေ မရှိပဲ ပစ္စည်းဆက်ထုတ်ဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။
ဒီစနစ်ကို ပြုလုပ်ရခြင်းဟာ အရင်ပြပွဲတွေ အတွေ့အကြုံအရ နိုင်ငံခြားသားကုန်သည်တချို့ဟာ ပြပွဲမှာ ပစ္စည်းတော်တော်များများကို သိမ်းကြုံး လေလံဆွဲပြီး ပထမလမှာတင် လိုချင်တဲ့ ပစ္စည်းတချို့ကို ငွေချေ ထုတ်ယူသွားပြီး ကျန်ပစ္စည်းများကို မထုတ်ပဲ ထားခဲ့တတ်တာကြောင့် ဖြစ်တယ်လို့ ကျောက်မျက် ကော်ပိုရေးရှင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ဒီဥပဒေကို ပြပွဲမတိုင်ခင်က ဘာကြောင့် ကြိုမထုတ်ပြန်သလဲ ဆိုတာကိုတော့ မသိရှိကြောင်း ပြောဆိုပါတယ်။