၅ နှစ်မိန်းကလေး အဓမ္မပြုကျင့်ခံရမှု တပ်ပြေး တစ်ဦးကို အရေးယူပေးဖို့ RWU တောင်းဆို
2015.11.17

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တပ်ပြေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာကြောင့် ဒီကိစ္စအပေါ် ဥပဒေနဲ့အညီ အမြန်ဆုံး ထိရောက်စွာအရေးယူပေးဖို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU နဲ့ ရခိုင်ပြည်နယ်အမျိုးသမီးများကွန်ရက်တို့က ဒီကနေ့ သဘောထားထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ကိစ္စတွေအပေါ် အစိုးရဘက်က ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ အားနည်းတာကြောင့် အခုလို သဘောထားထုတ်ပြန် တိုက်တွန်းရတာလို့ ရခိုင်အမျိုးသမီးများအစည်းအရုံး RWU ရဲ့ ဒုတိယ ဥက္ကဌ စောစံငြိမ်းသူကပြောပါတယ်။
"အခုဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေကို ကြည့်မယ်ဆိုရင် များသောအားဖြင့် စစ်သားတွေ မုဒိန်းကျင့်တာ ရယ်၊ ဒါမှမဟုတ်တပ်ပြေးတွေက မုဒိန်းကျင့်တဲ့ အနေ အထားမျိုးတွေကို တွေ့နေရပါတယ်၊ ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အနေအထားမှာတောင်မှ အခုလိုမျိုးနေရာအနှံ့မှာ မုဒိန်းမှုတွေပြုကျင့်နေ တဲ့ အနေအထားတွေကို တွေ့ရပါတယ်၊ ဘယဖြစ်လို့လဲဆိုတော့ ဒါကကျုးလွန်တဲ့အမှုကိစ္စ တစ်ခုပေါ်လာ ပြီဆိုရင် အဓိကက ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တဲ့ အားနည်းနေတဲ့ အတွက်ကြောင့်လို့ ကျမယူဆပါတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မြောက်ဦးမြို့ ခမရ- ၃၇၈ တပ်ရင်းမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့တပ်ပြေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာကြောင့် အဲဒီမိန်းကလေးငယ် မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေတာဖြစ်ပါတယ်။
အခုလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားရအောင် အစိုးရအနေနဲ့ ကြိုတင်တားဆီးကာကွယ် နိုင်မယ့်နည်းလမ်းတွေကို အထူးအလေးထား ချမှတ်ဆောင်ရွက်ပေးဖို့ကို လည်း ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဓညဝတီရပ်ကွက်မှာနေထိုင် တဲ့ ရောဂါဝေဒနာခံစားနေရတဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို စစ်တွေမြို့အခြေစိုက် ခမရ- ၃၅၄ တပ်ရင်းက တပ်သားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။