စစ်ကောင်စီအဖွဲ့ ဒုတိယခေါင်းဆောင် တရုတ်နိုင်ငံ ရောက်ရှိ
2024.07.06

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်ကို ဇူလိုင် ၆ ရက်နေ့က ရောက်ရှိနေပါတယ်။
တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့မှာ ဇူလိုင် ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ကြာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ် အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ပြည်ကိုသွားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လကုန်ကတော့ သမ္မတဟောင်းလည်းဖြစ် စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ဟာ တရုတ်အစိုးရ ဖိတ်ကြားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့က နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၅ ရက်နေ့ကတော့ တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အပြင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့စတင်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ တရုတ်အစိုးရရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ အပစ်အခတ်ရပ်စဲပြီး ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီဘက်က ချိုးဖောက်တယ်ဆိုပြီး ငါးလအကြာ ဇွန်လ ၂၅ ရက်နေ့မှာ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။