စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြဖို့ ကုလအရာရှိဟောင်းတွေ ပြော

နိုင်ငံတကာဥပဒေနဲ့ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်တွေအရ မြန်မာစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်လို့ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိဟောင်းတွေက ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂကိုယ်စားလှယ်တွေအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့ မစ္စယန်ဟီးလီ၊ မာဇူကီဒါရူစမန်နဲ့ ခရစ္စဆီဒိုတီ တို့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ အကြမ်းဖက်မှုမြောက်ကြောင်း၊ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရလည်း ဒီလုပ်ရပ်တွေဟာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် ရာဇဝတ်မှုတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ခြုံငုံသုံးသပ်ပြထားပါတယ်။ အာဏာသိမ်းပြီး ၁၁ လအတွင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်က တခြားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိုင်းယှဉ်လို့မရလောက်အောင် စံချိန်တင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ စစ်အာသိမ်းပြီးနောက် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူတွေက "အကြမ်းဖက် စစ်ကောင်စီ" ဆိုပြီး ခေါ်ဝေါ်နေတာဟာ အမှန်ပဲဖြစ်ကြောင်း၊ ဒီလို လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အကြမ်းဖက်သမားတွေကသာ လုပ်ဆောင်နိုင်ကြောင်း အထူးအကြံပေးကောင်စီ အဖွဲ့ဝင် မစ္စယန်ဟီးလီက ပြောပါတယ်။
အထူးအကြံပေးကောင်စီအဖွဲ့ဝင် မာဇူကီဒါရူစမန်ကလည်း… မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတ်မှတ်ထားသလိုပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေ အနေနဲ့လည်း အလားတူ သတ်မှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီအစီရင်ခံစာမှာ… စစ်ကောင်စီဟာ ပြည်သူတွေကို ဓားစားခံအဖြစ် ဖမ်းဆီးတာ၊ သေကြေဒဏ်ရာရအောင် အကြမ်းဖက်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း၊ ပြည်သူလူထုအကြားမှာ ကြောက်ရွံ့ ထိတ်လန့်စိတ်တွေ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာဥပဒေ ဒါမှမဟုတ် နိုင်ငံတွင်းဥပဒေတွေအရ ဆိုးရွားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း ထောက်ပြထားပြီး၊ ဒီအချက် သုံးချက်အရ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအဝန်းအဝိုင်းက သတ်မှတ်ကြဖို့ အကြံပေးကောင်စီအဖွဲ့ဝင် ခရစ္စဆီဒိုတီက တိုက်တွန်းလိုက်ပါတယ်။