ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်ပြည့် လှုပ်ရှားမှု

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ကုသိုလ်ပြုပွဲနဲ့ ချီတက်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

2011.09.26
saffron-rgn-305 ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ပွဲမှာ အဝါရောင် အင်္ကျီ ဝတ်ဆင် ချီတက်လာသူ တချို့ကို ရန်ကုန်မြို့ ဆူးလေဘုရားဝန်းကျင်မှာ တွေ့မြင်ရစဉ်။
Photo: RFA

မနက်ပိုင်း ၉ နာရီဝန်းကျင်က မြောက်ဒဂုံမှာရှိတဲ့ မကွေး ပဋိယတ္တိ စာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ အတွက် ကုသိုလ်ပြု အမျှပေးဝေ ခဲ့ပါတယ်။

နေ့လည် ၁၂ နာရီခန့် မှာတော့ အထိမ်းအမှတ်ပွဲ တက်ရောက်လာသူ ၁၅၀ ဝန်းကျင်က ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပဖို့ ရန်ကုန်မြို့ထဲကို ဘတ်စကား ၃ စင်းနဲ့ ချီတက်ခဲ့ပေမယ့် ဘတ်စကားတွေကို ရဲက တားမြစ်ခဲ့သလို ကားသမားတွေကို ထိန်းသိမ်းခဲ့တယ်လို့ ချီတက်ပွဲ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီကနေ့ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ ချီတက်ပွဲကို မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စတဲ့ မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ခြောက်ဝိုင်း ပစ္စိမာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ရွှေဝါရောင် ၄ နှစ်ပြည့် အခမ်းအနားကို သံဃာတော်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းတင် အပြင် တခြား ပါတီအသီးသီးက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေ့ဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုလွှာတွေကို စတုတ္ထအကြိမ် အဖြစ် နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ရွှေဝါရောင် ၄ နှစ်ပြည့် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။