ရွှေဝါရောင် သံဃာများ သင်္ကန်းဆီးခွင့်ရ
2012.02.01

RFA
ရွှေဝါရောင် လှုပ်ရှားမူကြောင့် အကျဉ်းကျခဲ့ပြီး ပြန်လွတ်လာသူ သံဃာငါးပါးကို ကျောင်းတိုက်များအတွင်း တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ သင်္ကန်းဆီးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ သံဃာ့မဟာနာယကအဖွဲ့က ဇန်နဝါရီ ၂၇ ရက်က ဆင့်ခေါ်ခဲ့ပြီး ခံဝန်ချက် လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။
သံဃာတော်များဟာ ဇန်နဝါရီလ ၂၇ ရက်မှာ ကျောင်းတိုက်များက ထွက်ပေးခဲ့ရပြီး သင်္ကန်းပြန်ဆီးခွင့် လျှောက်ထားခဲ့ရပါတယ်။
ဒီကနေ့ ရန်ကုန် တိုင်းသံဃာ့နာယကအဖွဲ့ရုံးကို ကြွရောက်ခဲ့တဲ့ ဆရာတော်များကတော့ မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣဿရိယ၊ ရွှေတောင်ကျောင်းက ဦးပဏ္ဍဝံသနဲ့ သံလျင် အောင်ဗောဓိကျောင်းက ဦးပညာသီဟတို့ ဖြစ်ကြပါတယ်။
မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣဿရိယက ခုလိုမိန့်ပါတယ်။
“သင်္ကန်းဝတ်ခွင့်ပြုသည် ဆိုတဲ့ အမိန့်ချတယ်။ ဝိနည်း သိက္ခာပုဒ်တော်နဲ့အညီ ဥပဒေနဲ့အညီ နေထိုင်ပါမယ်ဆိုတဲ့ ဝန်ခံချက် ပေးခဲ့ရတယ်ပေါ့။ ရွှေတောင်ကျောင်းကိစ္စကတော့ ပြေလည်သွားပါတယ်။ စာသင်ကျောင်း ကိစ္စကတော့ ဓမ္မာရုံဖြစ်နေတဲ့အတွက် ခွင့်မပြုနိုင်သေးဘူးဆိုတဲ့ ပုံစံမျိုး ဆရာတော်တွေက ပြောနေတယ်။ ဦးပညာသီဟက ဆရာတော်တွေကို အရင့်အရင်က အဖြစ်အပျက်တွေ ပြန်လျှောက်တယ်။ ဒီတော့ ဆရာတော်တွေက အဲဒီဟာတွေ အကုန်လုံး စုစည်းပြီးတော့ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေဆီကို စာတင်လိုက်ပါတဲ့။ အဲလိုမျိုး စာတင်မှ ဆရာတော်ကြီးတွေက တိုင်းကို အမိန့်ချခဲ့လို့ရှိရင် သူတို့ စီစဉ်ပေးလို့ ရမယ်ဆိုတာ ကိုတော့ အမိန့်ရှိလိုက်တယ်”'။
ဦးဣဿရိယက မဂ္ဂင်ကျောင်းကို ထောက်လှမ်းရေးတွေ စောင့်ကြည့် နေတာနဲ့ပတ်သက်လို့လည်း ခြိမ်းခြောက်ရာရောက်လို့ စိတ်အနှောင့်အအယှက် ဖြစ်ရတဲ့အတွက် ဖြေရှင်းပေးဖို့ ပန်ကြားခဲ့တယ်လို့ မိန့်ပါတယ်။
သံဃာ့မဟာနာယကအဖွဲ့က လာရောက် တွေ့ဆုံဖို့ ဆင့်ခေါ်ထားတဲ့ သံဃာ ၅ ပါးအနက် အရှင်ဂမ္ဘီရနဲ့ ဦးပဏ္ဍဝံသတို့ နှစ်ပါးက တွေ့ဆုံခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဦးဣဿရိယကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းလျှောက်ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |