မိုးကြိုး ဆာလ်ဖျူရစ်အက်စစ် စက်ရုံ ရွှေ့ဖို့ ဒေသ ခံတွေတောင်းဆို


2017.05.27
acid-factory-620.jpg ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာနားမှာရှိတဲ့ မိုးကြိုးဆာလ်ဖျုရစ် အက်စစ်စက်ရုံကနေ အက်စစ်အနံ့တွေထွက်တာကြောင့် စက်ရုံကို ရွှေ့ပြောင်းပေးဖို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကို ဒေသခံတွေက ဒီကနေ့ စာရေးပြီးတောင်းဆိုလိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့အရာတွေကို လုပ်ပေးမှာဖြစ်ပြီး အခုပေးလိုက်တဲ့ စာကလည်း ပြည် သူ့အသံဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတရုံးဆီကို ပေးပို့သွားမယ့်အကြောင်း ဝန်ကြီးက ပြောခဲ့တယ်လို့ ကံကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ပြောပါတယ်။

"ဝန်ကြီးကတော့ ဒီစာတွေကို ပြည်သူကတင်ပြတာဆိုတော့ ပြည်သူရဲ့သဘောထားဖြစ်တဲ့အတွက် သမ္မတရုံးထိအောင်တင်ပြဆွေးနွေးသွားမယ် လို့ပြောပါတယ်ခင်ဗျ"

အက်စစ်စက်ရုံကနေ ထွက်လာတဲ့အနံ့တွေကို မခံနိုင်တာကြောင့် စက်ရုံလည်ပတ်တာကို ရပ်နားဖို့ ဒေသခံတွေက စက်ရုံရှေ့မှာ မနေ့ညက တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဒီနေ့နေ့လယ်မှာ စက်ရုံကို လာရောက် စစ်ဆေးခဲ့တာဖြစ်ပြီး စက်ရုံကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုစာကို ဒေသခံတွေကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး က ပေးလိုက်တာဖြစ်ပါတယ်။

အက်စစ်စက်ရုံကနေ အနံ့မထွက်အောင် သတိထားပြီး လည်ပတ်နေပေမယ့် စက်ချို့ယွင်းတာကြောင့် အခုလို အနံ့တွေထွက်လာတာဖြစ်တယ်လို့လည်း စက်ရုံမှူးက ကျေးရွာသားတွေကို စာနဲ့ရှင်းပြထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ဇွန်လမှာလည်း မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံကနေ အက်စစ်အနံ့တွေ ပတ်ဝန်းကျင်ကို ထွက်ခဲ့ဖူးပြီး ဒီလ ၂ဝ ရက်နေ့နဲ့ ၂၆ ရက်တွေမှာ အက်စစ်အနံ့တွေ ပြန်ထွက်လာတာ ဖြစ်ပါတယ်။

မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာကနေ ဒီနှစ်အောက်တိုဘာအထိ စမ်းသပ်လုပ်ကိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။