စစ်ကိုင်းမြို့နယ်မှာ တစ်ရက်တည်း ရွာငါးရွာ မီးရှို့ခံရ

RFA Burmese
2022.12.22
စစ်ကိုင်းမြို့နယ်မှာ တစ်ရက်တည်း ရွာငါးရွာ မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းမြို့နယ်၊ ရှမ်းကုန်းရွာကို အဝေးက တွေ့ရစဉ်။
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဘောက်သောက်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၁ ရက် မနေ့က ဝင်ရောက်စီးနင်းပြီး အဲဒီကျေးရွာအုပ်စုထဲက ရွာငါးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လင်းယဉ်ရွာအနီးမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နောက်တစ်ရက်မှာ လင်းယဉ်၊ ဘောက်သောက်၊ ရွာသစ်၊ ကုန်းကြီးနဲ့ ရှမ်းကုန်းရွာတွေကို ဝင်ရောက်မီးရှို့ ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“လင်းယဉ်ကိုအရင်ဝင်တာ။ ပြီးတော့မှ အဲဒီဘေးက ဘောက်သောက်တို့၊ ရှမ်းကုန်းတို့၊ ကုန်းကြီးတို့ အကုန်လုံးမီးရှို့တာ”

လက်ရှိအချိန်ထိ ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် ကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ချိန် ဒေသခံသုံးဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက တစ်ဦး အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မီးရှို့ခံရမှု ဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့က စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်အထိ နေအိမ်၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။