စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လူဦးရေ ၈ ထောင်ကျော် ပြောင်းရွှေ့
2017.08.19

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၈ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
အဲဒီ မြို့နယ် ၈ မြို့နယ်ထဲမှာ ခန္တီးမြို့နယ်က လူဦးရေ ၃၃၀၀ ကျော် ပြောင်းရွှေ့ထားရတဲ့အတွက် တိုင်းတစ်ခုလုံး မှာ ရေဘေးဒုက္ခကြောင့် ပြောင်းရွှေ့ရမှု အများဆုံးလည်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနထံကနေ သိရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေပြောင်းရွှေ့မှု ဒုတိယအများဆုံးက စစ်ကိုင်းနဲ့ တတိယအများဆုံးက ဟုမ္မလင်းမြို့နယ်တို့ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြို့နယ် ၈ မြို့နယ်မှာ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကသာ၊ ဖောင်းပြင်၊ မော်လိုက်၊ ထီးချိုင့်နဲ့ စစ်ကိုင်းတို့ ဖြစ်ပါတယ်။
အလားတူပဲ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်ခရိုင်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည် အရေအတွက်ဟာ ဒီကနေ့အထိ ၁၆၀၀ ကျော် ရှိလာပြီလည်းဖြစ်ပါတယ်။