ခန္တီးမှာ ရေဘေးသင့်သူ ၂၅၀၀ ရှိ
2017.08.15

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာကြောင့် ခန္တီးမြို့နယ်က ကျော်က လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ရပ်ကွက်/ကျေးရွာ ၂၇ ခုမှာ ရေတွေ ဝင်ရောက်နေတာကြောင့် ပြောင်းရွှေ့နေကြရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်စ် က ပြောပါတယ်။
"ရပ်ကွက်/ကျေးရွာ အားလုံးပေါင်း ၂၇ ခုမှာ ဖြစ်တာပေါ့နော်၊ လက်ရှိပြောင်းရွှေ့ထားတဲ့ အိမ်ထောင်စုက ၅၄၅ စု ပေါ့နော်၊ လူဦးရေက ၂၅၀၀ ပေါ့၊ ဒီနေ့ မနက်အထိပေါ့။"
ခန္တီးမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကစပြီး ပြောင်းရွှေ့နေကြရတာဖြစ် တယ်လို့ သိရပါတယ်။
လက်ရှိမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတာကြောင့် လူနေအိမ်တွေအပြင် စာသင်ကျောင်းတွေနဲ့ လယ်မြေဧကတွေထဲမှာလည်း ရေတွေဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စာသင်ကျောင်း ၂၂ ကျောင်းကို ယာယီပိတ်ထားရသလို စပါးစိုက်ခင်းဧက ၅၀၀ ကျော်၊ တောင်ယာနဲ့ ပျိုးခင်းတချိုု့လည်း ရေလွှမ်းခံနေရတာ ဖြစ်ပါတယ်။
ပြောင်းရွှေ့ကြရသူတွေဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆွေမျိုးအိမ်တွေနဲ့ ကုန်းမြင့်ပိုင်းတွေမှာ သွားရောက်နေထိုင်နေကြရပါတယ်။
ပြောင်းရွှေ့ရသူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက လူတစ်ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ တစ်ပတ်စာ ဆန်ရိက္ခာဖိုးတွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် လူစီးအမြန်ရေယာဉ်နဲ့ ကုန်တင်အမြန်ရေယာဉ် ခရီးစဉ်တွေကို သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိ ၅ ရက်ကြာ ရပ်နားသွားမှာ ဖြစ်ပါတယ်။