တိုက်ပွဲပြင်းထန်နေတဲ့ ကလေးမြို့မှာ ဆန္ဒပြသပိတ်တွေဆက်ရှိနေ

RFA Burmese
2023.10.08
တိုက်ပွဲပြင်းထန်နေတဲ့ ကလေးမြို့မှာ ဆန္ဒပြသပိတ်တွေဆက်ရှိနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ဒေသခံများစုဝေးပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တရားဟောပွဲ ပြုလုပ်ခဲ့စဉ်
Citizen Journalist

စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ကြားက စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ ဆက်ရှိနေပါတယ်။

အောက်တိုဘာလ ၈ ရက် ဒီကနေ့မှာလည်း ဒေသခံတွေစုဝေးပြီး လူထုလှုပ်ရှားမှုသပိတ် တရားဟောပွဲလုပ်ခဲ့တယ်လို့ မြို့နယ်သပိတ်အဖွဲ့ဝင် ကိုဗိုက်ပူက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ကလေးမြို့နယ်မှာတော့ နေ့တိုင်းပြုလုပ်တယ်။ အဓိကတော့ စိုးမိုးနယ်မြေတွေမှာ ပြုလုပ်တယ် ဟောပြောပွဲတွေလုပ်တယ်။"

သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းတို့ပေးပို့ထားတဲ့ မိန့်ခွန်းပြောကြားချက်တွေကိုလည်း အဲဒီတရားဟောပွဲမှာ ပရိုဂျက်တာနဲ့ ဖွင့်ပြခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲ အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး၊ ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၇ရက်နေ့မှာ စက္ကန့်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တာကြောင့် ကလေးမြို့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာမှာရှိတဲ့ နေအိမ်တော်တော်များများကို မီးရှို့ခဲ့သလို ရွာခံမြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့လည်း ပြောကြပါတယ်။

ကလေးမြို့မှာ စစ်တပ်ကို တော်လှန်ဆန္ဒပြလို့ ပစ်သတ်ခံရလို့ သေဆုံးသူ အယောက် ၃ဝ အထိရှိပြီး လက်ရှိအချိန်ထိ ထောင်ထဲမှာ ဖမ်းဆီးခံထားရသူ အယောက် ၆၀ လောက်ရှိတယ်လို့ စာရင်းပြုစုနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။