မြင်းခြံမှာ စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ရာခန့် ဖမ်းဆီးခံရ

RFA Burmese
2024.07.05
မြင်းခြံမှာ စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ရာခန့် ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း မြင်းခြံမြို့ အဝင်တစ်နေရာအား ၂၀၂၂ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရင်းဘို့ရွာနဲ့ ကျောင်းဖြူကန်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၄ ရက်နေ့မှာ စစ်ကြောင်းထိုးစဉ် ကျောင်းဖြူကန်ရွာ စာသင်ကျောင်းမှာ ပိတ်မိသွားတဲ့ လူတစ်ရာခန့် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ အင်အားခြောက်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တူရင်းဘို့ရွာကို ဝင်ရောက်စီးနင်းရာမှာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တူရင်းဘို့ရွာသားတွေကတော့ သူတို့ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောင်းဖြူကန်ရွာကို ထွက်ပြေးခဲ့ကြတာပါ။

စစ်ကြောင်းက မနေ့ကညနေပိုင်းမှာ ကျောင်းဖြူကန်ရွာကို ဆက်လက်ဝင်ရောက်စီးနင်းစဉ် ရွာနှစ်ရွာပေါင်းက လူတစ်ရာခန့် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တူရင်းဘို့ကနေ ကျောင်းဖြူကန်ရွာက စာသင်ကျောင်းထဲ ရှောင်ကြတော့ သူတို့ (စစ်ကောင်စီတပ်) က ရှောင်တဲ့ဘက်လိုက်လာတော့ ရှောင်တဲ့သူတွေက မရှောင်နိုင်တော့ဘူး။ အကုန်လုံး တစ်ရာလောက်က ကျောင်းဖြူကန် ကျောင်းထဲမှာပဲ မိသွားတာ။ သူတို့ကို သော့ခတ်ပြီးတော့ ပိတ်ထားတယ်”

စစ်ကြောင်းဝင်လာတာကြောင့် လူနှစ်ထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ကျောင်းဖြူကန်ရွာမှာ အင်းအားထပ်ဖြည့်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။