စစ်ကိုင်းမှာ စစ်ကြောင်းထိုးစီးနင်းမှုနဲ့ လက်နက်ကြီးကြောင့် သုံးဦး သေဆုံး

RFA Burmese
2024.12.08
စစ်ကိုင်းမှာ စစ်ကြောင်းထိုးစီးနင်းမှုနဲ့ လက်နက်ကြီးကြောင့် သုံးဦး သေဆုံး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၇ ရက် မနေ့က ရွာတွေထဲ စီးနင်းခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အရပ်သား နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ တပ်ရင်းနဲ့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားမှာ အထိုင်ချထားတဲ့ အင်အား ၈၀ ခန့်ရှိတဲ့ ပူးပေါင်းစစ်ကြောင်းဟာ စစ်ကိုင်းမြို့အနောက်ဘက်က ညောင်ကုန်း၊ ဒေါင်းမ၊ သလွန်ဖြူ စတဲ့ရွာတွေကို ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွာတွေထဲ စီးနင်းချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကိုင်း ငါးထပ်ကြီးဘုရားထဲကနေပြီးတော့ လက်နက်ကြီးပစ်တာက ညောင်ကုန်းရွာထဲကို ကျတာ။ အသက် ငါးဆယ်ခန့် အမျိုးသမီး တစ်ဦးကတော့ လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးတယ်။ အသက်ခုနစ်ဆယ်အရွယ် အမျိုးသားက အဲဒီလက်နက် ကြီးပစ်လိုက်တဲ့ အရှိန်ကြောင့် နှလုံးရပ်ပြီး သေတယ်။ နောက်ပြီး ပကဖ ရဲဘော်တစ်ယောက်လည်း စစ်ကြောင်းမှာ အဖမ်းခံရပြီး အသတ်ခံရတယ်”

ဒီဇင်ဘာလ ၈ ရက်ဒီနေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းဟာ သလွန်ဖြူရွာနဲ့ ဒေါင်းမရွာတွေမှာ ဆက်ပြီးစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။