မြောင်၊ ဆားလင်းကြီး၊ ခင်ဦးနယ်တွေမှာ ဒေသခံ ငါးသောင်းကျော် စစ်ဘေးရှောင်နေရ

RFA Burmese
2023.03.17
မြောင်၊ ဆားလင်းကြီး၊ ခင်ဦးနယ်တွေမှာ ဒေသခံ ငါးသောင်းကျော် စစ်ဘေးရှောင်နေရ စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ မြောင်၊ ဆားလင်းကြီး၊ ခင်ဦးမြို့နယ် တွေမှာ မတ်လ ၁၇ ရက် ဒီနေ့မှာ ရွာတွေထဲအထိ စစ်ကြောင်းထိုးလာတာကြောင့် အရပ်သား ၅၄,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ်၊ ဝဲကြီး၊ ဝဲကွဲ၊ ထန်းတောကြီး၊ တောကျောင်း၊ ဝက်မှေး၊ ရွှေ လှေစတဲ့ ရွာ ၈ ရွာက ဒေသခံ ၁၅,၀၀၀ နီးပါးဟာ စစ်ကောင်စီတပ်တွေ သူတို့ရွာထဲဝင်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တရုတ်ကြေးနီ စီမံကိန်းအနီးက တုံကျေးရွာအုပ်စုထဲကို ဝင်နေတာလို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“မြစ်ကြောင်းကနေစပြီး တုံကျေးရွာအုပ်စုထဲ ဝင်လာတာ။ ဒီမနက်မစောပိုင်းမှာ ရွာထဲဝင်လာတာ။ ထွက်ပြေးတဲ့ ဒေသခံတွေ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံထားရ တယ်လို့လည်း ကြားတယ်။ အခုက လက်ပံတောင်းကျေးရွာက ငှက်ပျောတောထဲမှာ စစ်ကြောင်းကရှိနေတယ်”

အလားတူ ဒီနေ့ မနက်ပိုင်းမှာ ခင်ဦးမြို့နယ် အနောက်ဘက်အခြမ်းက အင်းပါတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး စတဲ့ ရွာ ၈ ရွာက ဒေသခံ ၉,၀၀၀ ကျော်လည်း စစ်ကောင်စီတပ်တွေ ဝင်လာလို့နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ခင်ဦး ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အထဲ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၇ ရက် ဒီနေ့မနက်ပိုင်းကစလို့ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ကြောင်း နှစ်ခုနဲ့ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ် မြောင်မြို့နယ်ဘက်အခြမ်းက မြစ်သာ၊ မြစ်စုံစတဲ့ ရွာ ၁၀ ရွာကို ဝင် ရောက်စီးနင်းနေလို့ ဒေသခံ ၃၀၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေနဲ့ ကြုံရတဲ့ဒေသခံတွေမှာ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ များလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတာလို့ မြောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒါကြောင့် ဒေသခံတွေက စစ်ကြောင်း မရောက်နိုင်တဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတာလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကနေတဆင့် စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတယ်လို့ ဒီနေ့ RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။