ဆလိုင်းတင်မောင်ဦး ကျဆုံးမှု ၃၈ နှစ်ပြည့်ပြီ
2014.06.24
ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၈) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ရပ်ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တနင်္ဂနွေနေ့က စုပေါင်း ကျင်းပခဲ့ကြပါတယ်။
တိုင်းရင်းသားအားလုံးဆိုင်ရာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကွန်ရက် က ဦးဆောင်ပြီး၊ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ ဆလိုင်းတင်မောင်ဦး ဟာ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်ပါတီ အစိုးရလက်ထက် မှာဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ထောင်ဒဏ် တစ်နှစ်ကျော်ချမှတ်ခံခဲ့ရပါတယ်။
၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းမှာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးသတ်ဖြတ်ခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ (၃၈) နှစ်က ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့အပေါ် လက်ရှိ အစိုးရအနေနဲ့ ဝန်ခံ တောင်းပန်ဖို့၊ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ရပ်တန့်ဖို့၊ အရပ်သားအစိုးရကို စစ်တပ်က ဝင်ရောက်မစွက်ဖက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်အဖြစ် အသွင်ကူးပြောင်းဖို့ စတဲ့အချက်တွေကို တောင် ကိုရီးယား ရောက် တိုင်းရင်းသား တွေက တောင်းဆိုခဲ့ကြပြီး၊ တောင်ကိုရီးယားနဲ့ နိုင်ငံတကာ အစိုးရတွေကို လည်း မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးကို ကူညီဖို့၊ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစုတွေကို ထောက်ပံ့ကူညီဖို့ တိုက်တွန်းခဲ့ကြပါတယ်။