ဆားလင်းကြီးမှာ စစ်ကောင်စီတပ်ကြောင့် လူတစ်သောင်းနီးပါး ထွက်ပြေး
2023.01.06

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးရွာသွား ကားလမ်းပေါ် လမ်းတလျှောက်ရှိ ရွာပေါင်း ၂၀ ဝန်းကျင်က လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာလည်း အဲဒီရွာပေါင်း ၂၀ ထဲက ရွာနှစ်ရွာဖြစ်တဲ့ ဘင်္ဂါးရွာနဲ့ ဖောင်းကတာရွာတွေကို ဝင်ရောက် မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း အင်အားတစ်ရာလောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက သုံးဖွဲ့ခွဲပြီး ရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဘင်္ဂါးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က စစ်ကြောင်းစထိုးတယ်။ မနက်က ဘင်္ဂါးရွာမှာ အိမ်နှစ်လုံး မီးရှို့တယ်။ အခု ဖောင်းကတာကို မီးရှို့နေပြီ။ ဖောင်းကတာမှာတော့ မီးများတယ်။ တစ်ရွာလုံး ပတ်ရှို့နေတာ။ အခု မီးခိုးလုံးကြီးတွေ မြင်နေရတယ်။ စစ်ကြောင်း ဝင်လာတော့ အကုန်လုံး ထွက်ပြေးနေရတယ်။ လောလောဆယ်တော့ စားရေးသောက်ရေးတွေ ဒုက္ခရောက်နေကြတာပေါ့”
စစ်ကြောင်းဟာ လက်ရှိမှာ ဖောင်းကတာရွာမှာ တစ်ဖွဲ့၊ ဘင်္ဂါးနဲ့ ထန်းပုရွာကြားမှာ တစ်ဖွဲ့နဲ့ ထန်းပုရွာမှာ တစ်ဖွဲ့ စုစုပေါင်း အဖွဲ့သုံးဖွဲ့ခွဲပြီး ဝင်ရောက်စီးနင်းနေတာလို့ သူက ဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒူးထောက်၊ ပိုင်းတောင့်ကြီး၊ ကျောက်မှော်၊ မယ်ဇလီကန်၊ အုတ်ရှစ်ပြား၊ ထန်းပု၊ ထန်းဇင်၊ ဘင်္ဂါး၊ အေးကုန်း၊ ကျေးပင်ထူး၊ ဖောင်းကတာ၊ သဲတောကြီး၊ လယ်တီ၊ ထန်းတောကြီး၊ တောကျောင်း၊ ရွာသစ်၊ အလယ်တောနဲ့တုံရွာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးရှိနေတာကြောင့် လတ်တလောမှာ မဖြေဆိုနိုင်သေးကြောင်း ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ကြေးနီးစီမံကိန်းရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီ အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးတာကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရာတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။