ဆားလင်းကြီးမှာ စစ်ကောင်စီတပ် ဝင်စီးလို့ ဒေသခံငါးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.02.09
ဆားလင်းကြီးမှာ စစ်ကောင်စီတပ် ဝင်စီးလို့ ဒေသခံငါးထောင်ကျော် ထွက်ပြေး ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းက ရွာတွေဘက်ကို ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာကြောင့် ရွာခြောက်ရွာလောက်က ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား တစ်ရာလောက်ပါတဲ့ စစ်ကြောင်းက ဆားလင်းကြီးမြို့ပေါ်က စထွက်လာပြီး မနက်ပိုင်းမှာ မင်းတောနဲ့ ရုံးပင်းရိုး ရွာတွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာတော့ ငွေသာရွာကို ထပ်မံစီးနင်းပြီး ရွာကနေအိမ်တွေကို မီးရှို့နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငွေသာက ရွာသစ်ရွာဟောင်းက တစ်ဆက်တည်း အခုက ရွာသစ်ကိုရှို့တာ။ ငွေသာရွာက ပထမတစ်ကြိမ်လည်း ရှို့ခံရပြီးပြီ။ စစ်ကြောင်းက ငွေသာမှာပဲ ရှိသေးတယ်”

ငွေသာရွာထဲမှာ စစ်ကြောင်းရှိနေတာကြောင့် လတ်တလော မီးလောင်နေတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် ငွေသာရွာ အပါအဝင် အနီးတစ်ဝိုက်ရွာတွေဖြစ်တဲ့ ရင်ပေါင်တိုင်၊ လင်းစကျက်၊ သူဌေးကုန်း၊ ဘုတ်စု၊ တောင်ကြား စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လေ့ မရှိဘူးလို့လည်း ဦးအေးလှိုင်က အရင်က ဖြေဆိုထားပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ခုခံစစ်ပြင်းထန်တဲ့ မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်တွေ ကြေညာထားတဲ့အထဲမှာ ဆားလင်းကြီးမြို့နယ် လည်းပါဝင်ပြီး တရုတ်ကြေးနီစီမံကိန်းတွေရှိနေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။