ပိတ်ဆို့မှု သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး

မြန်မာသွင်းကုန်တွေ ပိတ်ပင်တဲ့ အမေရိကန် ဥပဒေကို သက်တမ်းတိုးခဲ့မယ်ဆိုရင် သာမန် မြန်မာပြည်သူတွေကိုသာ ထိခိုက်မှာ ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး သုတေသနအဖွဲ့ ICG က ဒီကနေ့ ပြောလိုက်ပါတယ်။

2012.07.27
thura-u-shwe-mann-parliament-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်လာစဉ်။
AFP

ပိတ်ပင်ထားမှုကို သက်တမ်း တိုးလိုက်တာဟာ ချမ်းသာကြွယ်ဝသူ အာဏာရ လူတန်းစားထက် သာမန်ပြည်သူတွေကို အလုပ်အကိုင် ဖန်တီးပေးတဲ့ အထည်ချုပ်လုပ်ငန်းလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို နစ်နာစေလိမ့်မယ်လို့ ICG အဖွဲ့က သုံးသပ်ထားပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ဒီဥပဒေကို သက်တမ်းတိုးခဲ့ရင် မြန်မာနိုင်ငံ စီးပွားရေး နာလံထူမှုကို အကြီးအကျယ် ထိခိုက်နစ်နာနိုင်တယ်လို့လည်း ICG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ဖို့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်အစိုးရက ပြဋ္ဌာန်းထားတဲ့ Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမေရိကန် အစိုးရ ခေါင်းဆောင်တွေကို ဇူလိုင်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ စာရေးသား မေတ္တာရပ်ခံ လိုက်ကြောင်း ပြည်သူ့ လွှတ်တော် အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်အပြင် အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ Mitch McConnell, John McCain, Joe Liberman, Jim Webb နဲ့ အမေရိကန် သံအမတ် Derek Mitchell တို့ကို သူက အခုလို ပေးပို့ခဲ့တာပါ။

အခုလို သူရ ဦးရွှေမန်းက မေတ္တာရပ်ခံစာ ရေးတာဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်တာမျိုး ဖြစ်ကြောင်း ရန်ကုန်တိုင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကြည်မြင့်က RFA ကို ပြောပါတယ်။

"သူရ ဦးရွှေမန်းက သူ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက လုပ်တယ်ဆိုတဲ့ သဘောတရား အဓိပ္ပာယ်၊ သူ့အမြင်မှာကိုက ပေါ့လေနော်၊ ဦးသူရ ရွှေမန်း လွှတ်တော်မှာ အဲဒီနေ့က ပြောတဲ့စကားက ပေါ့နော်၊ sanction က အမေရိကန် အစိုးရက ဖြေလျော့မယ် ဆိုပေမဲ့လို့လည်း သူတို့ဘက်က လာရောက် ရင်းနှီးမြှုပ်နှံမယ်။ လာရောက် ရောင်းချမယ်ဆိုတဲ့ ကိစ္စမျိုးအတွက် One sided ပေါ့လေ။ တဖက်သတ် အခွင့်အရေးယူတဲ့ ပုံစံသာလျှင် မြင်ရတယ်ပေါ့လေ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဘက်က သူတို့ Black List လုပ်ထားပြီးတော့ သူတို့ဆီ မဝင်ရဘူးဆိုတဲ့ ကိစ္စမျိုးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တချို့ကို နာမည်နဲ့ Black List သွင်းထားပြီးတော့ စီးပွားရေး၊ ကုန်သွယ်ရေးအရ ဘဏ်မှာ ငွေအပ်တာ၊ ငွေလွှဲတာတွေကို တားထားတဲ့ ကိစ္စကိုတော့ မရုပ်သိမ်းဘူးတဲ့။ အဲအတွက်ကြောင့် ကျွန်တော်တို့ ဒီဗမာနိုင်ငံကနေပြီးတော့ ဒီဥစ္စာကို တောင်းဆိုဖို့ လိုအပ်တယ်လို့ သူကသုံးသပ် ဆုံးဖြတ်လိုက်တာ၊ အဲဒီနေ့တွေ ကတည်းက"

အမေရိကန်အစိုးရရဲ့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားရေးအတွက် "မည်သည့်ပုဂ္ဂိုလ်မဆို မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ ဝိုင်းဝန်းကြိုးပမ်းပေးဖို့" ဆိုတဲ့ အရေးပေါ် အဆိုတစ်ရပ်ကို ကျားဖြူပါတီ ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဇူလိုင် (၁၃) ရက်နေ့ လွှတ်တော်မှာ တင်သွင်းခဲ့တာကို အဲဒီတစ်ရက်တည်းမှာပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် ခေါင်းဆောင်တွေထံကို အခုလို စာရေးသား ပေးပို့လိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။