ကုမ္ပဏီနှစ်ခုနဲ့ လုပ်ငန်းရှင်လေးဦးကို အမေရိကန်အရေးယူ
2024.01.31

စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ ခရိုနီလို့ ခေါ်တဲ့ စစ်တပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင် လေးယောက်ကို အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးယူဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။
စစ်အာဏာသိမ်းသုံးနှစ်ပြည့်ချိန်မှာ အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်တာဖြစ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (MEHL)နဲ့ဆက်ဆံတဲ့ ရွှေဗျိုင်းဖြူအုပ်စု (SBPG)နဲ့ စစ်ကောင်စီ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီတွေကို အရေးယူ ပိတ်ဆို့ ဒဏ်ခတ်လိုက်တာပါ။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ သူ့ဇနီး ဒေါ်တင်မင်းလတ်နဲ့ သားသမီးတွေ ဖြစ်ကြတဲ့ မသိမ့်ဝင်းထက်နဲ့ ကိုဝင်းပိုင်ကျော်တို့လေးဦးကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ရွှေဗျိုင်းဖြူအုပ်စု SBPG ကို ၂၀၀၀ ပြည့်နှစ်က တည်ထောင်ပြီးချိန်ကစလို့ MEHL ကိုယ်စားအပါအဝင် မြန်မာစစ်တပ်အတွက် ရေနံတင်သွင်းဖြန့်ဖြူးပေးပါတယ်။ SBPG လက်အောက်မှာ ကုမ္ပဏီခွဲ အနည်းဆုံး ကိုးခု ရှိပြီး ရေနံလုပ်ငန်း၊ ထုတ်လုပ်ရေးနဲ့ ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိပါတယ်။
ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော် သူ့လက်အောက်ခံ ကုမ္ပဏီတွေကတဆင့်ရေနံတင်သွင်းပြီး စစ်ကောင်စီရေတပ်ကို လောင်စာတင်သွင်းပြီး ရရှိတဲ့ အကျိုးအမြတ်ကို စစ်တပ်ပိုင် MEHL နဲ့ ခွဲယူတယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို အဆက်မပြတ် အကြမ်းဖက်ဖိနှိပ်နေသလို လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားတွေ ရာနဲ့ချီသေဆုံးရတယ်လို့လည်းဆိုပါတယ်။ နိုင်ငံတစ်ဝန်းက ထောင်သောင်းချီတဲ့ အိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့သလို လူ ၂ ဒသမ ၆ သန်းနီးပါးဟာလည်း နေရပ်က စွန့်ခွာထွက်ပြေးရတယ်လို့ ပြောပါတယ်။
တိုင်းရင်းသားတွေကိုရော ဘာသာရေးအရပါ ခွဲခြားဆက်ဆံတဲ့အတွက် ရိုဟင်ဂျာတွေ အပါအဝင် အင်အားနည်းသူတွေဟာ ကြောက်မက်ဖွယ်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအရ ထင်ရှားသူတွေဟာ မတရား အကျဉ်းကျခံနေရပြီး စစ်ကောင်စီလုပ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ လုံခြုံရေးကင်းမဲ့ရုံမက ဆေးဝါးကုသရေးနဲ့ ပညာသင်ကြားရေး လည်းမရရှိကြဘူးလို့ ပြောပါတယ်။
ဒါကြောင့် ဒီမိုကရေစီနည်းလမ်းကျ အနာဂတ် မြန်မာနိုင်ငံကို ရှေးရှုလို့ စစ်ကောင်စီအနေနဲ့ ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲပြီး အဓိပ္ပာယ်ရှိရှိနဲ့ အားလုံးပါဝင်တဲ့ စေ့စပ်ဆွေးနွေးရေး ဖော်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။