ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရလို့ စနဲမြို့ဈေး မီးလောင်ပျက်စီး
2024.05.09

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စနဲမြို့ဈေးကို မေလ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းနဲ့ ဗုံးသီးခြောက်လုံး ကြဲချခဲ့လို့ ဈေးဆိုင်ခန်း ဆယ်ခုထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ၁၁ နာရီခွဲလောက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ဗုံးခြောက်လုံး ကြဲသွားတယ်။ မနေ့က နေရာကိုပဲ ထပ်ပြီးဗုံးချတာ။ မြို့ခံတွေအကုန်လုံးက ထွက်ပြေးနေကြတော့ လူတွေ ထိခိုက်တာတော့မရှိဘူး။ ဆိုင်ခန်း တစ်ဆယ်ကျော်တော့ မီးလောင်သွားတယ်။ ဘာကြောင့် ကြဲတယ်ဆိုတာကိုတော့ မသိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး”
မနေ့က စနဲမြို့ဈေး တိုက်တိုက်ခံရမှုမှာတော့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တာပါ။ လက်ရှိမှာတော့ မြို့ခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်စောင့်ကျန်ခဲ့တဲ့ မြို့ခံအနည်းငယ်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ရာကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ရာနီးပါးရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။